အောင်လံမြို့နယ်၊မကွေးမြို့နယ်နှင့် ပြည်မြို့နယ်တို့တွင် စစ်မှုထမ်းအပတ်စဉ် ၁၂ အတွက် လူငယ်များကို စတင်ဖမ်းဆီးနေပြီး တချို့ကို ဆင့်ခေါ်၊ ငလျင်ဒဏ်သင့်သော်လည်း စစ်မှုထမ်းတပ်သားစုဆောင်းမှုများ ဆက်လက် လုပ်နေဆဲ
ရန်ကုန်၊ ဧပြီ ၁
မကွေးတိုင်း၊ အောင်လံမြို့နယ်၊မကွေးမြို့နယ်နှင့် ပဲခူးတိုင်း ပြည်မြို့နယ်တို့တွင် စစ်မှုထမ်းအပတ်စဉ် ၁၂ အတွက် လူငယ်များကို စတင်ဖမ်းဆီးနေပြီး တချို့ကိုလည်း စစ်မှုထမ်းရန်အတွက် ဆင့်ခေါ်နေကြောင်းဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အောင်လံမြို့နယ်တွင် ယခု ဧပြီလအတွက် စစ်မှုထမ်း လူငယ် ၆၀ ဦး ပေးရမည်ဟု အောင်လံမြို့မှ ပျူစောထီး ခေါင်းဆောင် မြင့်လွင် (အငြိမ်းစား အရာခံဗိုလ်)က အသိပေးလာပြီး စစ်မှုထမ်းရန် အလှည့်ကျ မဲပေါက်ထားသူ များ စစ်သင်တန်းကျောင်းသို့ သွားရောက်ရန် ဆင့်ခေါ်ကြောင်း သိရှိရသည်။
“စစ်မှုထမ်း အပတ်စဉ် ၁၂ အတွက် ကြိုတင်ပြင်ဆင်ထားဖို့ စပြီး ခေါ်နေပါပြီ။ ဒီသင်္ကြန်ကျော်တာနဲ့ သွားရမယ်ဆိုပြီး အသိပေးတယ်။ အဝတ်အစား၊ ဆေး၊ လိုအပ်တာ အကုန်ထုပ်ပိုးပြင်ဆင်ခိုင်းတယ်” ဟု အောင်လံမြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။
ယခင် မတ်လအတွင်းကလည်း အောင်လံမြို့နယ်မှ စစ်မှုထမ်း လူငယ် ၆၀ ဦးကို ပျူစောထီးမြင့်လွင် ဦးဆောင် ခေါ်ယူ ခဲ့ပြီး လူငယ်တချို့မှာမူ မတရားဖမ်း ဆီး ခံရ၍ စစ်မှုထမ်းသင်တန်းကျောင်းသို့ ပို့ဆောင်ခံခဲ့ရကြောင်း သိရှိရသည်။
အလားတူ ပဲခူးတိုင်း ပြည်မြို့နယ် ဝက်ထီးကန် အရှေ့ဘက် တလုပ်ပင်အုပ်စုတွင်လည်း အုပ်ချုပ်ရေးမှူး သန်းဇော်က လာမည့် စစ်မှုထမ်းအပတ်စဉ် ၁၂ အ တွက် တစ်အုပ်စုလျှင် ငွေကျပ် သိန်း ၇၀ စစ်မှုထမ်းကြေးပေးရမည်ဟု တောင်း ခံလာကြောင်း၊ စစ်မှုထမ်းကြေးပေးမည်ဆိုလျှင် ပေါ်တာမဆွဲရန် အာမခံကြောင်း ပြောဆိုသည်။
အဆိုပါ တလုပ်ပင်ကျေးရွာအုပ်စုတွင် ယခုဧပြီလတွင် စစ်မှုထမ်းကြေးအဖြစ် အိမ် ထောင်စုတစ်စုလျှင် ငွေကျပ် ၃၀၀၀၀ ပေးအပ်ရမည်ဖြစ်ကြောင်း သိရှိရသည်။
ထို့အတူ မကွေးတိုင်း၊ မကွေးမြို့နယ်၊ သစ်ရာကောက်နှင့် မြင်းကွင်းတိုက်နယ်တို့တွင် စစ်မှုထမ်း အပတ်စဉ် ၁၂ အတွက် လူငယ်များကို စတင်ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်လျက်ရှိကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။
မတ်လ ၂၈ ရက်နေ့ မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော် အပါဝင် မြန်မာနိုင်ငံ အလယ် ပိုင်းဒေသများတွင် ငလျင်ဒဏ်သင့်မှုများ ဖြစ်ပေါ်နေသော်လည်း စစ်ကောင်စီက စစ်မှုထမ်း တပ်သားများ ဆင့်ခေါ်မှုများကို ရပ်ဆိုင်းသွားခြင်းမရှိဘဲ ဆက်လက် ခေါ်ယူလာခြင်းဖြစ်သည်။
ဓာတ်ပုံ- စစ်မှုထမ်း အပတ်စဉ် ၁၁ အတွက် စုဆောင်းခံခဲ့ရသည့် စစ်မှုထမ်းတပ်သားသစ်များ။
