ညောင်ရွှေမြို့နယ်၊ ရေပူရွာကို စစ်တပ်နှင့် PNA အဖွဲ့က ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု နေအိမ် ၂ လုံး ပျက်စီး
ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ရေပူရွာကို အကြမ်းဖက် စစ်တပ်နှင့် PNA အဖွဲ့က ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ရာ နေအိမ် ၂ လုံး ပျက်စီးခဲ့ကြောင်း အင်းလေးဒေသ လူ့အခွင့်အရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၅ ရက်နေ့ နံနက် ၆ နာရီခန့်မှ စတင်၍ ညနေ ၅ နာရီ ၃၀ မိနစ်ထိ ညောင်ရွှေမြို့နယ်၊ ရေပူရွာကို အကြမ်းဖက် စစ်တပ်နှင့် ၎င်းတို့ လက်အောက်ခံ PNA ပြည်သူ့စစ်များက ဒရုန်း၊ လက်နက်ကြီးများဖြင့် အလုံးရေ ၃၀ ခန့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“အင်းလေး တောင်ဖက်ခြမ်းမှာရှိတဲ့ ရေပူကျေးရွာကို အကြမ်းဖက် စစ်တပ်နဲ့ သူတို့ လက်အောက်ခံ PNA ပြည်သူ့စစ်တွေက တိုက်ဖြစ်ပွားခြင်းမရှိဘဲ တိုက်ခိုက်ခဲ့တာပါ။ မနေ့က တနေကုန် ဒရုန်း၊ လက်နက်ကြီး အလုံးရေ ၃၀ နဲ့ ဗုံးကျဲချ တိုက်ခိုက်တာပါ။ ရေပူကျေးရွာက နေအိမ် ၂ လုံး ထိခိုက် မီးလောင်ပျက်စီးတယ်။ ပြည်သူတွေ ထိခိုက်မှုတော့မရှိပါဘူး” ဟု အင်းလေးဒေသ လူ့အခွင့်အရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။


