28 C
Yangon

စစ်ကိုင်းမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့သော “စစ်ကိုင်းငလျင်” ကို “မန္တလေးငလျင်” ဟု စစ်ကောင်စီက အမည်သတ်မှတ်လိုက်ပြီး မီဒီယာများကိုပါ သုံးနှုန်းရန် ဖိအားပေးလာ

Must read

စစ်ကိုင်းမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့သော “စစ်ကိုင်းငလျင်” ကို “မန္တလေးငလျင်” ဟု စစ်ကောင်စီက အမည်သတ်မှတ်လိုက်ပြီး မီဒီယာများကိုပါ သုံးနှုန်းရန် ဖိအားပေးလာ

ရန်ကုန်၊ ဧပြီ ၇

စစ်ကိုင်းမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကို “မန္တလေးငလျင်ကြီး” ဟု ခေါ်ဝေါ်ရန် စစ်ကောင်စီက အမည် သတ်မှတ်ကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဇော်မင်းထွန်းက ထုတ်ပြန်ပြောဆိုသည်။

စစ်ကောင်စီက မန္တလေးငလျင်ကြီး ဟု အမည်ပေးထားသော်လည်း လက်တွေ့တွင် ငလျင်မှာ စစ်ကိုင်းမြို့အနီးကို အဓိကဗဟိုပြု၍ လှုပ်ခတ်သွားခဲ့ခြင်းဖြစ်သည်။

မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်အချိန် စစ်ကိုင်းမြို့၏ အနောက်မြောက်ဘက် ၁၆ ကီလိုမီတာအကွာမြေအောက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော် အပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် လူသေဆုံးမှုများနှင့် ပျက် စီးဆုံးရှုံးမှုများစွာ ကြုံတွေ့ရပြီးနောက် အကြမ်းဖက်စစ်ကောင်စီက ယင်းငလျင်ကို မန္တလေး ငလျင်ကြီးဟု ခေါ်ဝေါ် သုံးစွဲရန် သတ်မှတ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်လာခြင်းဖြစ်သည်။

သတင်းမီဒီယာများအနေဖြင့်လည်း စစ်ကောင်စီက သတ်မှတ်ထားသည့်အတိုင်း မန္တလေး ငလျင်ကြီးဟု သာ သုံးစွဲရန်လည်း ဇော်မင်းထွန်းက ဖိအားပေးခြိမ်းခြောက်သည်။

“မီဒီယာများအနေနဲ့ကလည်း ငလျင်ကြီးကို ရည်ညွှန်းခေါ်ဆို သုံးစွဲရေးသားရာမှာ မန္တလေးငလျင်ကြီးလို့ ရေးသားပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်” ဟု အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုသည်။

ပြည်တွင်းနှင့်ပြည်ပ ငလျင်ကျွမ်းကျင်ပညာရှင်များက မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ငလျင်မှာ စစ်ကိုင်းပြတ်ရွေ့ကြောင့် အဓိက လှုပ်ခတ်ခဲ့ခြင်းဖြစ် ကြောင်း၊ စစ်ကိုင်းမြို့အနီးကို အဓိက ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကြောင်း သတင်း များထုတ်ပြန်ပြောဆိုခဲ့ကြသည်။

စစ်ကိုင်းမြို့အနီးကို ဗဟိုပြု လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကြီးကြောင့် လက်ရှိအချိန်အထိ လူအနည်းဆုံး ၃၅၀၀ ကျော်သေဆုံးခဲ့ပြီး ထောင်ချီ၍ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

(ရန်ကုန်ခေတ်သစ်သတင်းဌာနအနေဖြင့် စစ်ကိုင်းမြို့အနီးကို ဗဟိုပြု လှုပ်ခတ်ခဲ့သော ငလျင်ဖြစ်၍ စစ်ကိုင်းငလျင်ဟုသာ သတင်းများဖော်ပြရာတွင် သုံးစွဲသွားပါမည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article