ရေစကြိုတွင် ခလရ ၂၅၉ တပ်ရင်းမှ တပ်ကြပ် ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်
မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ခလရ ၂၅၉ တပ်ရင်းမှ တပ်ကြပ် ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် မြစ်ချေ ကျွန်းချောင်း လျှပ်စစ်ဓာတ်အာပေးရုံး၌ တာဝန် ထမ်းဆောင်နေသော တပ်ကြပ် ကိုဖြူလေးသည် Southern YSO PDF ထံ ချိတ်ဆက်၍ အလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလင်းဝင်လာသော ကိုဖြူလေးသည် ပခုက္ကူမြို့အခြေစိုက် ခလရ ၂၅၉ တပ်ရင်းမှ ဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီ လက်အောက်တွင် ဆက်လက် တာဝန် ထမ်းဆောင်လိုစိတ် မရှိသောကြောင့် Southern YSO PDF ထံ ချိတ်ဆက်၍ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ကိုဖြူလေးသည် MA-2 သေနတ် ၁ လက်၊ ကျည်ဘောက် ၅ ခု၊ 5.56 ကျည် ၃၀၀ ၊ လက်ပစ်ဗုံး ၁ လုံး တို့ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အလင်းဝင်ရောက်ခဲ့ခြင်းကြောင့် ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၄၀ ချီးမြှင့်ခဲ့ပြီး ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ကာ ၎င်းနေထိုင်လိုသည့် နေရာဒေသသို့ ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက ပြောဆိုသည်။
