ရန်ကုန်၊ မေ ၁၃
နေပြည်တော်၊ ရန်ကုန်၊ စစ်ကိုင်းနှင့်မကွေးတိုင်းတို့တွင် တစ်နှစ်အတွင်း အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးမှု အပါအဝင် ရာဇဝတ်မှုပေါင်း ၁၀၀၀ ကျော် ကျူးလွန်ခဲ့ကြောင်း ပဉ္စမမဏ္ဍိုင် ပြည်သူအကူအညီပေးရေးအဖွဲ့ (PMCSG) မှ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
ယနေ့မေလ ၁၃ ရက် နံနက် ၁၀ နာရီခန့်က ပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ မတ်လ ၁ ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ တစ်နှစ်တာ စုဆောင်းရရှိထားသော အစီရင်ခံစာထုတ်ပြန်ခြင်း သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ပဉ္စမ မဏ္ဍိုင် ပြည်သူအကူအညီပေးရေးအဖွဲ့ (PMCSG) အနေဖြင့် ၂၀၂၅ ခုနှစ်၊ မတ်လ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ရန်ကုန်တိုင်း၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့ အတွင်းရှိ ခရိုင် ၁၁ ရိုင်နှင့် မြို့နယ် ၃၇ မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ ရာဇဝတ်မှုများကို စောင့်ကြည့်လေ့လာကာ စာရင်းပြုစုပြီး မှတ်တမ်းတင်ခဲ့ကြောင်း၊ ယင်းမှတ်တမ်းများအရ စစ်တပ်က ကျူးလွန်သည့် အမှုအများဆုံးဖြစ်ကြောင်း အသိပေးထားသည်။
“လူ့အခွင့်အရေးချိုးဖောက်မှုအများဆုံးလုပ်တာက အာဏာသိမ်းထားတဲ့ စစ်တပ်ဘက်က လုပ်ထား တာဖြစ်ပါတယ်။ အများစုကတော့ သူတို့ ဧည့်စာရင်း စစ်တာ၊ ပေါ်တာဆွဲတာ၊ လေကြောင်းတိုက်ခိုက်တာတွေပါ၊ စစ်ရာဇဝတ်မှုဆိုရင်လည်း အဲဒီအတိုင်းပဲ အများဆုံးလုပ်တာက စစ်တပ်ဘက်က လုပ်တာဖြစ်ပါတယ်။ ရာဇဝတ်မှုလုပ်တဲ့ ၁၇၉ ကြိမ်မှာတော့ အများဆုံးလုပ်တာ အမည်မသိအဖွဲ့ အ စည်းတွေ၊ လက်နက်ကိုင်ထားပြီးတော့ မြို့ပေါ်တွေမှာ ခိုးဆိုးလုနှိုက်လုပ်တဲ့ အဖွဲ့ အစည်းတွေက ကျူးလွန်တဲ့အပိုင်းတွေမှာ အများဆုံးတွေ့ရတယ်။” ဟု ပဉ္စမမဏ္ဍိုင် ပြည်သူအကူအညီပေးရေးအဖွဲ့ (PMCSG) မှ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
ကောက်ယူရရှိထားသည့် စစ်တမ်းအရ စစ်ကိုင်းတိုင်းတွင် ၆၇၀ ကြိမ်၊ ရန်ကုန်တိုင်းတွင် ၂၃၆ ကြိမ်၊ မကွေးတိုင်းတွင် ၉၅ ကြိမ်နှင့် နေပြည်တော်တွင် ၁၂၁ ကြိမ်ဖြစ်ပြီး စုစုပေါင်း ၁၁၂၂ ကြိမ်ရှိကြောင်း၊ စစ်ကိုင်းတိုင်းသည် တိုက်ပွဲများကြောင့် အများဆုံးဖြစ်သော်လည်း ဒုတိယလိုက်သည့် ရန်ကုန်တိုင်းတွင် အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေ၊ ဧည့်စာရင်းဥပဒေကဲ့သို့သော ဥပဒေပေါင်းစုံအသုံးပြု ၍ ဖိနှိပ်မှုကြောင့် ဒုတိယအများဆုံးဖြစ်ပွားရခြင်းဖြစ်ကြောင်း ထောက်ပြထားသည်။
“ဘာလို့ဒီလောက်ကျူးလွန်နေလဲဆိုရင် အခုကျူးလွန်နေတဲ့သူတွေအကုန်လုံးက ၁၁၂၂ ကြိမ်မှာဆို ရင် ကျူးလွန်နေတဲ့သူတွေ အကုန်လုံးက ကင်းလွတ်ခွင့်ရနေတဲသဘောဖြစ်နေတယ်၊ စစ်တပ်က ပေါ်တာဆွဲတာမျိုးဆိုရင် စစ်မှုထမ်းဥပဒေထုတ်လာပြီးနောက်ပိုင်းမှာ အရမ်းဆိုးနေတယ်။ အဲဒီလိုမျိုး ဆိုရင် ဘယ်သူကမှ သူတို့ကို မထိန်းချုပ်နိုင်ဘူး။ နိုင်ငံတကာကလည်းမထိန်းချုပ်နိုင်ဘူး။ သတင်းမီဒီ ယာတွေက ဖော်ပြနေပေမယ့်လည်း မထိန်းချုပ်နိုင်ဘူး။ သူတို့မထင်ရင်မထင်သလိုမျိုး လေကြောင်း တိုက်ခိုက်တာပဲဖြစ်ဖြစ်၊ ပေါ်တာဆွဲတာပဲဖြစ်ဖြစ် ဒါမျိုးတွေ ဆက်တိုက်ကျူးလွန်နေတာတွေကို ဘယ်သူမှ မဖြေရှင်းပေးနိုင်တဲ့အတွက် ဒီလိုမျိုးဆက်တိုက်ဖြစ်နေတယ်ဆိုတာ စစ်တမ်းအရ တွေ့ရှိရ ပါတယ်။” ဟု ပဉ္စမမဏ္ဍိုင် ပြည်သူအကူအညီပေးရေးအဖွဲ့ (PMCSG) မှ အဖွဲ့ဝင်တစ်ဦးက ပြောဆို သည်။
အဆိုပါ ကောက်ယူရရှိထားသည့် အချက်အလက်များကို အမျိုးသားညီညွတ်ရေးအစိုး၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ မိတ်ဆက်အဖွဲ့အစည်းများထံပေးပို့ကာ ကျူးလွန်သူများကို တရားစွဲအရေးယူနိုင် ရေး လုပ်ဆောင်လုပ်ဆောင်ရှိသည့်အပြင် အသွင်ကူးပြောင်းရေးကာလ၌ ကျူးလွန်သူခံရသူများ အတွက် တရားမျှတမှုရရှိရေးဆောင်ရွက်နိုင်ရန် သိမ်းဆည်းထားကြောင်း သိရသည်။
“ကျနော်တို့ကောက်ယူတဲ့အဓိကရည်ရွယ်ချက်တော့ လက်နက်ကိုင်အဖွဲ့စည်းတွေ ကျူးလွန်တဲ့ အ ချက်အလက်တွေကို ခိုင်ခိုင်လုံလုံနဲ့မှတ်တမ်းတင်ထားတယ်။ လက်ရှိလည်းသိမ်းဆည်းထားတယ်။ အသွင်ကူးပြောင်းရေးကာလမှာ ကျူးလွန်ခံခဲ့ရသူတွေအတွက် တရားမျှတမှုရရှိစေဖို့ သက်သေ အ ထောက်အထားကို စုဆောင်းထားတယ်။ လက်ရှိမှာလည်း ကျနော်တို့ ရရှိထားတဲ့အချက်အလက် တွေကို ကူညီနိုင်တဲ့အပိုင်းလေးတွေမှာ အဖွဲ့အစည်းအနေနဲ့မဟုတ်ပဲနဲ့တသီးပုဂ္ဂလအနေနဲ့ လုပ် ဆောင်နိုင်တဲ့အပိုင်းလေးတွေကိုလည်း လုပ်ဆောင်နိုင်ခဲ့ပါတယ်။ NUG နဲ့ပတ်သက်တဲ့ဝန်ကြီးဌာန တွေကို ပေးပို့တာမျိုး၊ ပြီးတော့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ချိတ် ဆက်ပေးပို့တာမျိုး၊ မိတ်ဖက် အဖွဲ့အစည်းတွေကို ပေးပို့တာမျိုး လုပ်ဆောင်နေပါတယ်။” ဟု ပဉ္စမမဏ္ဍိုင် ပြည်သူအကူအညီပေး ရေးအဖွဲ့ (PMCSG) မှ အဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။
ပဉ္စမမဏ္ဍိုင် ပြည်သူအကူအညီပေးရေးအဖွဲ့ (PMCSG) မှ အဖွဲ့ကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် မြေပြင် ၌ စစ်အာဏာရှင်စနစ်ကို နည်းလမ်းပေါင်းစုံဖြင့် တော်လှန်နေသည့် လူငယ်များဖြင့် စတင်ဖွဲ့ စည်းခဲ့ ပြီး လက်နက်ကိုင်ပဋိပက္ခများအတွင်း ပြည်သူလူထု ကြုံတွေ့ခံစားခဲ့ရသည့် ထိခိုက်နစ်နာမှုများ အား ဖော်ထုတ်နိုင်ရန် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ် လမ်းဆုံနှင့် မြို့တွင်းဂိတ်များတွင် အကြမ်းဖက် စစ်တပ်က ၁ ရက်တာအတွင်း လူငယ် ၁၅၀ ဦးကို ပေါ်တာဆွဲဖမ်းဆီးခဲ့ပြီး တစ်ဦးလျှင် ငွေကျပ်သိန်း ၃၀၀ဖြင့် ပြန်ရွေးခိုင်းကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
မေလ ၁၁ ရက်နေ့တွင် စစ်ကိုင်းမြို့ပေါ် လမ်းဆုံနှင့် မြို့တွင်းဂိတ်များတွင် အကြမ်းဖက် စစ်တပ်က လူငယ် ၁၅၀ ဦးကို ပေါ်တာဆွဲဖမ်းဆီးခဲ့ပြီး တစ်ဦးလျှင် ငွေကျပ်သိန်း ၃၀၀ဖြင့် ပြန်ရွေးခိုင်းကြောင်း ၊ ပေါ်တာဆွဲ ဖမ်းဆီးခံရသူများသည် အသက် ၁၇ နှစ်အရွယ်နှင့် ၂၅ နှစ် ဝန်းကျင်ခန့်ရှိသော အမျိုးသားများဖြစ်ကာ လက်ရှိတွင် အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်ထဲကို ပို့ဆောင်ထားကြောင်းသိရှိရသည်။
“စစ်ခွေးတွေ ပေါ်တာဆွဲဖမ်းဆီးတာက တစ်ရက်တည်းထဲကို လူငယ် ၁၅၀ ဦးလောက်ရှိတယ်။ စစ်ခွေးတွေက စစ်ကိုင်းမြို့ပေါ်မှာ နေရာအစုံကို ပေါ်တာဆွဲဖမ်းဆီးတယ်။ စစ်ခွေးတွေက မန္တလေးမြို့ပေါ်ကနေ စစ်ကိုင်းမြို့ပေါ်ကို အလုပ်လာတဲ့သူတွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးတယ်။ စစ်ကိုင်းမြို့ပေါ်ရှိ မြို့တွင်းကားဂိတ်နှင့် လမ်းဆုံတို့ အလုပ်သွားအလုပ်ပြန်လာသော လူငယ်များကို အဓိကထားပြီး၊ ပေါ်တာဆွဲတယ်။ စစ်ခွေးတွေ ပေါ်တာဆွဲဖမ်းဆီးထားသူများသည် အမျိုးသားဖြစ်ပြီး ပေါ်တာဆွဲဖမ်းဆီးထားသူများကို မိသားစုတွေ့ခွင် မပေးဘူး။ စစ်ခွေးတွေ ပေါ်တာဆွဲဖမ်းဆီးသူများကို ပြန်ရွေးမယ်ဆိုရင် တစ်ဦးလျှင် သိန်း ၃၀၀နှင့် ပြန်ရွှေးခိုင်းတယ်။လက်ရှိမှာ စစ်ခွေး ဖမ်းဆီးထားသူများကို အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်ထဲကို ပို့ဆောင်ခဲ့လိုက်တယ်လို့ သိရတယ်”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ- ညအချိန် ကင်းလှည့်နေကြသည့် အကြမ်းဖက် စစ်တပ် လက်အောက်ခံ စစ်ကိုင်းရဲတပ်ဖွဲ့ (ပုံအဟောင်းဖြစ်သည်)




