တောင်သာမြို့နယ်၊ ဘီးနွယ်ကုန်း ကျေးရွာအနီး ပြည်သူများထံမှ ခြိမ်းခြောက်ငွေကြေး တောင်းရမ်းနေသော လက်နက်ကိုင် ဓားပြအဖွဲ့ကို အရှင်ဖမ်းမိ
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဘီးနွယ်ကုန်း ကျေးရွာအနီး ပြည်သူများထံမှ ခြိမ်းခြောက်ငွေကြေး တောင်းရမ်းနေသော လက်နက်ကိုင် ဓားပြအဖွဲ့ကို အရှင်ဖမ်းမိခဲ့ကြောင်း Taung Tha People Defense Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
မတ်လ ၁၅ ရက်နေ့တွင် တောင်သာမြို့နယ် အနောက်မြောက်ခြမ်း ဘီးနွယ်ကုန်းကျေးရွာအနီးရှိ ချောင်ကြသော လမ်းပိုင်းကို အခြေပြု၍ ခြိမ်းခြောက်ရိုက်နှက်ပြီး ဆိုင်ကယ်၊ ဖုန်းနှင့် ငွေကြေးများကို လုယက်ယူဆောင်နေသော လက်နက်ကိုင် ဓားပြအဖွဲ့ကို အရှင်ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိသော လက်နက်ကိုင် ဓားပြအဖွဲ့ထံမှ ပစ္စတို သေနတ် ၁ လက်နှင့် ဓားတို့ သိမ်းဆည်းရရှိခဲ့ပြီး ဥပဒေနှင့် အညီ ဆက်လက် အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။
“ဘီးနွယ်ကုန်းကျေးရွာအနီး က ချောင်ကြတဲ့ လမ်းပိုင်းကို အခြေပြုပြီး ခြိမ်းခြောက်ရိုက်နှက်တာတွေ လုပ်ဆောင်တာ ဆိုင်ကယ်၊ ဖုန်း နဲ့ ငွေကြေးတွေကို လုယက်တဲ့ လက်နက်ကိုင် ဓားပြ ၃ ဦးကို အရှင်ဖမ်းမိတာပေါ့။ ဥပဒေအတိုင်း ဆက်လက် အရေးယူမှုတွေ လုပ်ဆောင်သွားမယ်” ဟု Taung Tha People Defense Force မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

