နတ်မောက်မြို့ တောင်ဘက်အထွက်ရှိ စစ်တပ် ဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံး
မကွေးတိုင်း၊ နတ်မောက်မြို့ တောင်ဘက်အထွက်ရှိ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း People’s Defense Organization – Natmauk မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဧပြီလ ၁၀ ရက်နေ့ နံနက် အစောပိုင်း ၃ နာရီ ၁၅ မိနစ်ခန့်တွင် နတ်မောက်မြို့ တောင်ဘက် အထွက်ရှိ အကြမ်းဖက် စစ်တပ်ဂိတ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။
“ရှေ့ထွက်ပြောင်းနဲ့ ပစ်ခတ်ချိန်မှာ စစ်ခွေး ၂ ကောင်ကတော့ လွင့်ပြီး နေရာတင်ပွဲခြင်းပြီး သေဆုံးတယ်။ စုစုပေါင်း သေဆုံးတာ ၅ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရတယ်လို့တော့ ကြားထားပါတယ်။ မြို့အဝင်ဂိတ်ဖြစ်တဲ့အတွက် စစ်ကူလာရင် ၁၀ မိနစ်အတွင်း ရောက်နိုင်တာမို့ အချိန်အများကြီး မရရှိခဲ့ပါဘူး။ ဒီပွဲဟာ အကြမ်းဖက် စကစ တွေက ကျနော်တို့ နေရာ ဒေသ အပါအဝင် မည်သည့် နေရာဒေသကိုမှ ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ နယ်မြေဒေသ အသီးသီးကို တစတစနဲ့ လက်လွှတ်ရတော့မှာ ဖြစ်တယ်ဆိုတာကို အသိပေး မိတ်ဆက်အနေနဲ့သာ ပွဲဖော်ဆောင် ခဲ့ခြင်း ဖြစ်ပါတယ်” ဟု People’s Defense Organization – Natmauk မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ယင်း စစ်ဆေးရေးဂိတ်သည် စစ်တပ် အာဏာသိမ်းပြီးနောက် ဂိတ်ဖွင့်ကာ ခရီးသွားပြည်သူများထံမှ အတင်းအဓမ္မ ငွေကောက်ခံခြင်း ၊ ပေါ်တာဆွဲခြင်း များကို အမြဲလုပ် ဆောင်လေ့ရှိကြောင်း၊ အင်အား ဆယ်ဂဏန်းသာရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ မီတာ ၅၀ အကွာအဝေးအထိ ချဉ်းကပ်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို နတ်မောက်မြို့နယ် ပကဖအဖွဲ့နှင့် မဟာမိတ် တပ်ပေါင်းစုများ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ People’s Defense Organization – Natmauk -နတ်မောက် ပကဖ အနေဖြင့် ပြည်သူ လူထုနှင့် အတူ လက်တွဲညီညီချီတက်ကာ နတ်မောက်မြို့ကို သိမ်းပိုက်နိုင်ရေး ကြိုးစားသွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။
