တောင်ငူနှင့် ရေတာရှည်တွင် စစ်တပ် စစ်ကြောင်းနှင့် အထိုင်စခန်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံး
ပဲခူးတိုင်း၊ တောင်ငူမြို့နယ် စစ်တောင်းမြစ် အရှေ့ဘက်ကမ်း ပဒဲကျေးရွာသို့ စစ်ကူလာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ရေတာရှည်မြို့နယ် အခြေစိုက် ၃၅၀၄ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၆ ရက်နေ့ ညနေ ၄ နာရီ ၄၀ မိနစ်ခန့်တွင် တောင်ငူမြို့နယ် စစ်တောင်းမြစ် အရှေ့ဘက်ကမ်း ပဒဲကျေးရွာသို့ စစ်ကူလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သား အင်အား ၆၀ ခန့်ပါ စစ်ကြောင်းကို ၃၅၀၄ တပ်ရင်းမှ တော်လှန်ရေး ရဲဘော်များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုတိုက်ပွဲ ဖြစ်ပွားချိန်သည် မိနစ် ၂၀ ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၃ ဦး သေဆုံးပြီး ၅ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။
ဧပြီလ ၇ ရက်နေ့ ည ၇ နာရီ ၃၂ မိနစ်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီနှင့် တော်လှန်ရေး တပ်ဖွဲ့များ ထပ်မံ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီဘက်မှ ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကာ ပဒဲလှေဆိပ်မှ ဒိုးအင်း ဘက်သို့ သယ်ဆောင်သွားကြောင်း သိရသည်။
အလားတူ ဧပြီလ ၈ ရက်နေ့ ညနေ ၄ နာရီ ၄၀ မိနစ်ခန့်တွင် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ကမ်း အိုးမြေတူးရွာတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် သကြားဟင်အိုး ဘုန်းကြီးကျောင်းသို့ ရှေ့ကင်း ထွက်လာစဉ် စောင့်ကြို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။
ထိုတိုက်ခိုက်မှုသည် မိနစ် ၂၀ ခန့် ကြာမြင့်ခဲ့ပြီး တော်လှန်ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် ည ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် ဆွာမြို့ ၈၄/၁၉ အမြှောက်တပ်မှ ၁၂၀ မမ လက်နက်ကြီး ၃ လုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
