ကနီနှင့်မင်းကင်းမြို့နယ်တို့တွင် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံး အများအပြားဒဏ်ရာရ
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်နှင့် မင်းကင်းမြို့နယ်တို့တွင် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်သဖြင့် ပြည်သူ ၂ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
ယမန်နေ့ ဧပြီလ ၁၁ ရက်နေ့ ည ၁၀ နာရီ ၄၁ မိနစ်အချိန် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ် အနောက်ဘက် တစ်နေရာသို့ မိတ္တီလာလေတပ်မှ တက်လာသော ဂျက်ဖိုက်တာလေယာဉ်က ဗုံးကျဲပစ်ခတ်သွားခဲ့ကြောင်း၊ လတ်တလော လူထိခိုက်ပျက်စီးဆုံးရှုံးမှု အခြေအနေ မသိရှိရသေးဘဲ စုံစမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။
အလားတူ ယမန်နေ့ ည ၇ နာရီအချိန် မင်းကင်းမြို့နယ်၊ ဇင်ကလဲကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒေသပြည်သူ ၂ ဦးဖြစ်သည် အသက် ၂၈ နှစ်အရွယ် ဒေါ်နန်းချော နှင့် အသက် ၃၁ နှစ်အရွယ် ဒေါ်အေးနွယ်ဌေးတို့ ထိခိုက်ဒဏ်ရာရရှိကာ ၁၀ ဦးကျော်ခန့် ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။
“တိုက်ပွဲဖြစ်တာလည်းမရှိပါဘူး။ မြေပြင်မှာလည်း ငြိမ်သက်နေတာကို တမင်ကြီးဗုံးလာကျဲတာပါ။ မင်းကင်းထဲမှာတော့ မြို့ပေါ်ကလွဲရင် နေရာတော်တော်များများက PDF တွေက စိုးမိုးထားပါတယ်” ဟု မင်းကင်းမြို့နယ်မှ စစ်ဘေးရှောင်များကို ကူညီကယ်ဆယ်ပေးနေသော CDM ဝန်ထမ်းတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
လတ်တလော လေကြောင်းတိုက်ခိုက်မှု ခံထားရသော မင်းကင်းမြို့နယ် ဇင်ကလဲကျေးရွာကို မင်းကင်း မြို့နယ်ပအဖ တာဝန်ခံ၊ မြို့နယ်ကျန်းမာရေးတာဝန်ခံ ၊ မြို့နယ်ပကဖဆေးတပ်ဖွဲ့၊ ရဲဘော်များနှင့် မြို့နယ်ပလဖအဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း မင်းကင်းဒေသနှင့်ချိတ်ဆက်နေသော သတင်းရင်းမြစ်တစ်ခုက လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ- မင်းကင်းမြို့နယ်၊ ဇင်ကလဲကျေးရွာကို ယမန်နေ့ညပိုင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးနေစဉ်။
Photo- CJ ။
