သင်္ကြန်အကြိုနေ့ ညပိုင်းတွင် စစ်ကောင်စီက ဝန်းသိုမြို့နယ်၊ ဂျိုးတောင်ရွာနှင့် မြောင်းတောင်ရွာ ဘုန်းကြီးကျောင်းကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု သံဃာတော် ၁ ပါး ထိခိုက်ဒဏ်ရာရ
ရန်ကုန်၊ ဧပြီ ၁၃
စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ ဂျိုးတောင်ရွာနှင့် မြောင်းတောင်ရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ သံဃာတော် ၁ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Kawlin info မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၁၃ ရက်နေ့ ည ၇ နာရီခန့်တွင် ဝန်းသိုမြို့နယ်၊ ဂျိုးတောင်ရွာနှင့် မြောင်းတောင်ရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် မြောင်းတောင်ရွာ ဘုန်းကြီးကျောင်း ထိမှန် ပျက်စီးခဲ့ပြီး ဆရာတော် ၁ ပါး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ဂျိုးတောင်ရွာကိုလည်း ဗုံးသီး ကျရောက်ပေါက်ကွဲခဲ့ပြီး ပျက်စီးမှုရှိသော်လည်း မြေပြင်အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
“ဂျိုးတောင် အခြေအနေကိုတော့ ကျနော်တို့ ဆက်လက် စုံစမ်းနေပါတယ်။ ဂျိုးတောင်ကရွာထဲကို ဗုံးသီးကျရောက် ပေါက်ကွဲပါတယ်။ အခုဟာက ကောလင်းနဲ့ ဝန်းသိုကြားက ဝန်းသိုမြို့နယ်ထဲပါတဲ့ မြောင်းတောင်ရွာ အဲကဘုန်းကြီးကျောင်းထိသွားတယ်။ ဘုန်းကြီး တစ်ပါး ဒဏ်ရာရတယ်လို့တော့ သိရတယ်။ ကနဦးပေါ့” ဟု Kawlin info မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

