ရန်ကုန်၊ ဧပြီ ၁၄
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းတွင် သင်္ကြန်အကျနေ့ အကြမ်းဖက် စစ်ကောင်စီက လေကြောင်းဖြင့် တိုက် ခိုက်မှုကြောင့် သင်္ကြန်တွင်း ဒုလ္လဘ သာသနာ့ဘောင်ဝင်နေသော ကိုရင်ငယ် ၁ ပါး အပါအဝင် ပြည်သူ ၄ ဦးသေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်မှစတင်၍ ယနေ့ တစ်လျှောက်လုံး စစ်ကိုင်းတိုင်း ကနီမြို့နယ်အတွင်းရှိ မုဌောရွာ၊ နတ်ကြီးကျေးရွာ၊ သမင်ခြံရွာများအပါအဝင် ကျေးရွာများကို ဦးတည်၍ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း၊ အကြမ်းဖက်စစ်တပ်က ဒရုန်းများ၊ ဂျက်ဖိုက်တာများ၊ ရဟတ်ယာဉ်များ ပါရာမော်တာများ အသုံး ပြု ၍ နာရီဝက်အတွင်း လေကြောင်းပစ်ခတ်မှုအနည်းဆုံး ၁၅ ကြိမ်လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
” ဗုံးကျဲတာက လူနေအိမ်နဲ့ စာသင်ကျောင်းတွေပေါ် ကျဲတာ။ သုံးတာက Y 12 လေယာဉ်၊ Mi35 ရဟတ်ယာဉ် ၊ စက်တပ်လေထီးတွေ သုံးပြီး တိုက်ခိုက်တယ်။ ဒရုန်းတွေရောပဲ။ ကမ္ဘာစစ်ဖြစ်နေသလိုပဲ တိုက်ခိုက်နေတာ။ နတ် ကြီးကျေးရွာ တစ်ရွာတည်းတင် ဗုံးတွေ အလုံးနှစ်ဆယ်ကျော် ကျဲတယ်။ စာသင်ကျောင်းကို ကျဲချတာ။ သမင် ခြံမှာတော့ ကိုရင် တစ်ပါးသေတယ်။ အခြားရဟန်းတစ်ပါးလည်း ဒဏ်ရာရတယ်။ ဒဏ်ရာပြင်းထန်တယ်” ဟု ကနီဒေသတင်းရင်းမြစ်က ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိပြီး ဒဏ်ရာပြင်းထန်သူများလည်း ပါဝင်ကြောင်း၊ ဒေသနေပြည်သူများက အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကို ကြောက်ရွံ့၍ သင်္ကြန်ကာလ ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း သိရှိရသည်။
” အခုနောက်ဆုံးသိထားရတာက ကိုရင် ၁ ပါး နဲ့ ပြည်သူ ၃ ဦးသေဆုံးတယ်လို့ သိရတယ်။ သံဃာတော် ၂ ပါးလည်း အပြင်းအထန်ဒဏ်ရာရတယ်။ သင်္ကြန်တွင်း ဒုလ္လဘ သာသနာ့ဘောင်ဝင်နေတဲ့ ကိုရင်လေး သေဆုံးသွားတာ။ သီလပေးနေတဲ့ အချိန်မှာ လာပစ်သွားတာမို့ သေဆုံးမှုတွေ ဖြစ်ခဲ့တာ အားလုံးပေါင်း သေဆုံးသူ ၄ ဦးဖြစ်သွားပြီ” ဟု ဒေသတွင်း သတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။
ဓာတ်ပုံ – Credit။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar



