သင်္ကြန်အကြတ်နေ့တွင် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အုတ်တွင်းမြို့နယ်ရှိ သောင်းတန်းရွာကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံး
ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ သောင်းတန်းရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဧပြီ ၁၅ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် အုတ်တွင်းမြို့နယ်၊ သောင်းတန်းရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူ ၂ ဦး သေဆုံးကာ ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁ လုံးလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“သောင်းတန်းရွာကို စစ်ခွေးတွေက လေယာဥ်နဲ့ ဗုံးကျဲတာ နေအိမ် ၁ လုံးပေါ်ကျပြီး ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရတယ်။ တိုက်ပွဲမဖြစ်ဘဲ လာကျဲသွားတာ ၃ နာရီဝန်းကျင်လောက်က အခုသိရတာက အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး ဆုံးသွားပြီလို့ သိရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
