ရန်ကုန်၊ ဇွန် ၆
အကြမ်းဖက်စစ်ကောင်စီကို ILO Article 33 ဖြင့် အရေးယူရန် ဆုံးဖြတ်ပြီးနောက် စစ်တပ်ဝင်ငွေရလမ်း ရေနံသဘာ၀ဓာတ်ငွေ့၊ လေယာဉ်ဆီနှင့် ဘဏ္ဍာရေးငွေကြေးကဏ္ဍကို အဓိက ပစ်မှတ်ထားပိတ်ဆို့အရေးယူရန်ရှိနေကြောင်း မြန်မာနိုင်ငံလုပ်ငန်းရှင်များအဖွဲ့ချုပ် (Myanmar Employer Federation -MEF)မှ အထွေ ထွေအတွင်း ရေးမှူး ဦးဝေမှူးသွင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ပြုလုပ်နေသော ၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားညီ လာခံ (ILC) တွင် လူငယ်များနှင့် အလုပ်သမားများကို စစ်မှုထမ်းဥပဒေဖြင့် အတင်းအဓမ္မ စစ်ထဲသွပ်သွင်းပြီး အလုပ် သမားအခွင့်အရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်နေသော မြန်မာစစ်ကောင်စီကို ILO Article 33 အရ ဒဏ်ခတ်ပိတ်ဆို့အရေးယူရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
လတ်တလော စစ်ကောင်စီကို အရေးယူရေးအတွက် မည်သည့်ပုံစံဖြင့် အရေးယူမည်ကို ညှိနှိုင်းနေကြကြောင်း၊ အဓိကအားဖြင့် စစ်ကောင်စီ၏ ဝင်ငွေရလမ်းဖြစ်သော ရေနံနှင့်သဘာ၀ဓာတ်ငွေ့ကဏ္ဍ၊ လေယာဉ်ဆီနှင့် ဘဏ္ဍာရေးငွေကြေးကဏ္ဍများသည် အဓိက ပစ်မှတ်ထား အရေးယူရမည့် ကဏ္ဍများဖြစ်ရန်သေချာကြောင်း ၎င်းက ရှင်းပြသည်။
“အရေးယူမှုနောက်ဆက်တွဲက ဘယ်လိုပုံစံနဲ့ အရေးယူချင်လဲဆိုတာကို ညှိနှိုင်းနေကြတယ်။ Triple type working group ထဲမှာလည်း ၊ သုံးပွင့်ဆိုင် Working group ရှိပါတယ်။ အလုပ်ရှင်၊ အလုပ်သမား ၊ အစိုးရ ကိုယ်စားလှယ်တွေ ပါဝင်တဲ့ triple type working group ထဲမှာလည်း ဘယ်လိုပုံစံနဲ့ အရေးယူမယ်ဆိုတာကို ကျွန်တော်တို့ဘက်ကလည်း တင်ရမယ်။ နိုင်ငံတကာကိုလည်း အကြံဉာဏ်တွေ ယူရမယ်။ ၂၀၀၀ ခုနှစ်တုန်းကတော့ ပထမအကြိမ် Article 33 အရ အရေးယူဖို့ ဆုံးဖြတ်ချက်ချဖူးတယ်။ အဲဒီတုန်းကတော့ အရေးယူတဲ့ လုပ်ငန်းစဉ်မပါတဲ့အတွက်ကြောင့်မို့လို့ အလဟဿဖြစ်ခဲ့တယ်။ အခုကတော့ အဲဒီလို မဖြစ်ရအောင် ကြိုးစားနေပါတယ်။ ဘာတွေ အရေး ယူမယ်၊ ဘာတွေ ပါသင့်တယ်ဆိုတာကို ကျွန်တော်တို့ သုတေသနလုပ်ပြီးတော့ အချက်အလက်တွေကို စုဆောင်းနေပါတယ်။ အဲဒါက တစ်လလောက်အတွင်းပေါ့။ သေချာတာကတော့ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ, လောင်စာဆီတွေ၊ စစ်ကောင်စီဆီ သွေးစွန်းငွေတွေ မရောက်ဖို့ သယံဇာတတွင်းထွက်တွေ ပိတ်ဆို့ဖို့တော့ အကုန်လုံးလုပ်နေတယ်။ ပြီးတော့ Sanction လည်း ပြန်လုပ်မယ်။ Sanction ကတော့ ကျနော် မြင်တာက တချို့ဟာတွေက အလုံးစုံပိတ်ဆို့ရေးပေါ့ ။ တချို့ကျတော့လည်း အကန့်အသတ်နဲ့ပေါ့။ ပြည်သူလူထု မထိခိုက်ရေးကို NUG က စဉ်းစားတယ်။ တချို့ကလည်း ဒီလောက် ထိခိုက်နေတာ။ ပြည်သူလူထုက ဒီထက် ထိခိုက်စရာမရှိတော့ဘူးဆိုတဲ့ ရှုထောင့်ကနေ ဝေဖန်တယ်။ NUG အပေါ်မှာ အဲဒါတော့ တစ်စိတ်တစ်ပိုင်းပဲ ပိတ်ဆို့တာမျိုး အကန့်အသတ်နဲ့ ပိတ်ဆို့စေချင်တယ် NUG ကတော့ ။ ဥပမာဗျာ၊ လောင်စာဆီတွေ၊ စက်သုံးဆီတွေ ပိတ်လိုက်လို့ရှိရင် စက်သုံးဆီတွေ မရလို့ရှိရင် ဘတ်စ်ကားတွေ၊ သင်္ဘောတွေ အဲဒါမျိုးတွေပါ သွားလို့မရဘူးဖြစ်မှာပေါ့နော်။ အဲဒီလိုမျိုး စဉ်း စားတဲ့ဟာတွေတော့ ရှိတာပေါ့။ ဘဏ်စနစ်ကို ပိတ်မယ်ဆိုလို့ရှိရင်လည်း ကျနော်တို့ SWIFT Code ပါပိတ်လို့ရတယ်။ ဒါပေမယ့် ပြည်သူလူထုပါ ငွေလွှဲလို့မရတော့ဘူးဖြစ်ကုန်မှာပေါ့။ အဲဒါမျိုးတွေတော့ ဘယ်လိုပိတ်မလဲဆိုတာတော့ စဉ်းစားညှိနှိုင်းနေတုန်းပါပဲ”ဟု ဦးဝေမှူးသွင်က ပြောဆိုသည်။
မြန်မာနိုင်ငံကို ILO Article 33 ဖြင့် အရေးယူဒဏ်ခတ်မှုမှာ ဒုတိယအကြိမ်ဖြစ်ပြီး စစ်အာဏာရှင် သန်းရွှေလက် ထက်ကလည်း ပထမအကြိမ်အဖြစ် ILO က ပြင်းထန်သော ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများ လုပ်ဆောင်ခဲ့သည်။
သက္ကရာဇ် ၂၀၀၀ ခုနှစ် စစ်အာဏာရှင်အုပ်ချုပ်ရေးဖြစ်သော သန်းရွှေလက် ထက် မြန်မာနိုင်ငံတွင် အတင်းအဓမ္မအလုပ်ခိုင်းစေမှု (Forced Labor) ပြ ဿနာများအလွန်ဆိုးရွားခဲ့သဖြင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO) က မြန်မာနိုင်ငံအပေါ် ILO ဖွဲ့ဥပဒေ၏ Article 33 အရ အရေးယူပိတ်ဆို့ခဲ့ဖူးသည်။
ဓာတ်ပုံ – စစ်ကောင်စီ၏ ဝင်ငွေရလမ်း ကျောက်မျက်လေလံပွဲ တက်နေသည့် အကြမ်းဖက် မင်းအောင်လှိုင်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
