ရန်ကုန်၊ ဩဂုတ် ၇
မြန်မာနိုင်ငံတစ်ဝန်း အကျဉ်းထောင်များတွင် ကျန်းမာရေးစောင့်ရှောက်မှု စနစ်တကျ ငြင်းပယ်ခံရခြင်းကြောင့် နိုင်ငံရေးအကျဉ်း သား၊ အကျဉ်းသူများ သေဆုံးမှု မြင့်တက်လာကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) အပါအဝင် ပြည်တွင်းပြည်ပ အဖွဲ့ပေါင်း ၁၅ ခုက ယနေ့ ပူးတွဲ ကြေညာချက် ထုတ်ပြန် သတိပေးသည်။
၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် လေးနှစ်ခွဲအတွင်း လူ့အခွင့်အရေးများ သိသိသာသာ ဆုတ်ယုတ်လာချိန်တွင် အကျဉ်း ထောင်အတွင်း သေဆုံးမှုများ မြင့်တက်လာသည့်အပေါ် အထူးစိုးရိမ်ကြောင်း၊ မတရားဖမ်းဆီးချုပ်နှောင်ထားသူအားလုံးကိုလည်း ချက်ချင်း လွှတ်ပေးရန် အဖွဲ့ ၁၅ ခုက ပူးတွဲ တောင်းဆိုခြင်းဖြစ်သည်။
၂၀၂၁ ခုနှစ် အကြမ်းဖက် စစ်အာဏာသိမ်းပြီးနောက် အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးထားသူ ၁,၈၀၀ ကျော်သည် အကျဉ်းထောင်များတွင် ကျန်းမာရေးစောင့်ရှောက်မှု ရည်ရွယ်ချက်ရှိရှိ ငြင်းပယ်ခံရခြင်းကြောင့် သို့မဟုတ် ဖမ်းဆီးပြီးနောက် စစ်ဆေးမေးမြန်းမှုများအတွင်း ရရှိခဲ့သည့် ဒဏ်ရာများကို ကုသမှုမရရှိခြင်းကြောင့် သေဆုံးခဲ့ရကြာင်း သိရှိရသည်။
“အကျဉ်းထောင်တွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေ နေ့စဉ်နဲ့အမျှ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိလို့ သေဆုံးနေတယ်။ ဒီသေဆုံးမှုတွေထဲမှာ ကျန်းမာရေးအရ သေဆုံးမှုတွေလို့ အများက မြင်ကြပေမယ့် နောက်ကွယ်မှာ ကျန်းမာရေးပိုမိုဆိုးရွားစေလောက်တဲ့ အကျဉ်းထောင်ရဲ့ ယန္တရားကြီး တစ်ခုလုံးက လိုအပ်ချက်ဖြစ်နေတယ်။ ထောင်ထဲမှာ ဆေးဝါးမလုံလောက်တာ ဆရာဝန်တွေ အချိန်တစ်ပြေးညီ လာရောက်ကြည့်ရှုမှု မရှိတာ၊ ထောင်တွေမှာ ဆရာဝန်အင်အား အင်မတန်နည်းတာ။ ဒါအပြင်အရေးကြီး အခြေအနေမျိုးမှာ အရေးပေါ်ဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြင်ပဆေးရုံတွေကို အချိန်နဲ့ တစ်ပြေးညီမထုတ်တာတွေကြောင့်မို့ နိုင်ငံရေးအကျဉ်းသားတွေ ပိုပြီးမှသေဆုံးနေရတဲ့ အခြေအနေဖြစ်ပါတယ်။ ဒါကို ရပ်တန့်ဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေရော ပြည်တွင်းကအဖွဲ့အစည်းတွေရော အကောင်းဆုံးကြိုးစားနေကြတယ်။ “ဟု မြန်မာ နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကောင်တီဝင် ကိုသိုက်ထွန်းဦးက ပြောကြားသည်။
ထို့ပြင် အကြမ်းဖက်စစ်တပ်အနေငြ့် မတရားဖမ်းဆီးချုပ်နှောင်ထားသူအားလုံးကို ချက်ချင်း လွှတ်ပေးရန်၊ လွတ်လပ်မှု ဆုံးရှုံးနေသူများအတွက် လူ့အဖွဲ့အစည်းအတွင်း ရရှိနိုင်သည့် အဆင့်အတန်းတူ၊ ရွေးချယ်စရာများတူညီသည့် သင့်လျော်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ခွဲခြားဆက်ဆံမှုမရှိဘဲ ချက်ချင်းပေးအပ်ရန်နှင့် ညှဉ်းပန်းနှိပ်စက်မှုများနှင့် အခြားသော မလျော်မကန်ပြုမှုများကို ချက်ချင်းရပ်တန့်ရန်လည်း အဖွဲ့ ၁၅ ခုက ပူးတွဲ တောင်းဆိုထားသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လတွင် မတူညီသည့် ထိန်းသိမ်းရေးနေရာများ၌ လူအများအပြား သေဆုံးခဲ့ကြောင်း၊ အသက် ၂၆ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသ မဝတ်ရည်အောင် သည် မကြာမီက အင်းစိန်အကျဉ်းထောင်၌ သေဆုံးခဲ့ကြောင်း၊ မဝတ်ရည်အောင်၏ သေဆုံးမှုသည် စစ်ဆေးမေးမြန်းမှုများအတွင်း ဦးခေါင်းတွင် ရရှိခဲ့သည့် ဒဏ်ရာများကြောင့် ဖြစ်ပြီး သူမ၏မိသားစုမှ အကျဉ်းထောင်အပြင်ဘက်ဆေးရုံတွင် ကုသခွင့်တောင်းဆိုခဲ့သော်လည်း အကျဉ်းထောင်အာဏာပိုင်များက လုံလောက်သော ကုသမှုပေးအပ်ရန် ငြင်းပယ်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ထောက်ပြထားသည်။
ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကိုယ်စားလှယ် အသက် ၄၄ နှစ်အရွယ် ကိုပြည့် စုံအောင် သည် ပြင်းထန်စွာ ရိုက်နှက်ခံခဲ့ရပြီးနောက် သထုံအကျဉ်းထောင်၌ သေဆုံးခဲ့ရပြီး သင့်လျော်သော ဆေးကုသမှုပေးရန် အကျဉ်းထောင်အရာရှိများက ငြင်းပယ်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ပြည်တွင်းပြည်ပ အဖွဲ့ ၁၅ ခု၏ ကြေညာချက်တွင် အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ထိန်းသိမ်းခံရသူများအပေါ် ညှဉ်းပန်းနှိပ် စက်မှုများနှင့် အခြားသော မလျော်မကန်ပြုမှုများကို အဆုံးသတ်ရန်၊ ကုလသမဂ္ဂ အကျဉ်းသားများအား မဖြစ်မနေ လိုက်နာရမည့် စံနှုန်းများ (Nelson Mandela Rules) နှင့် နိုင်ငံတကာ ထိန်းသိမ်းရေးဆိုင်ရာ စံနှုန်းများနှင့်အညီ အကျဉ်းထောင်များအတွင်း အခြေအနေများ တိုးတက်ကောင်းမွန်လာစေရန် အရေးတကြီး ဆောင်ရွက်ပေးရန်၊ ထိန်းသိမ်းခံရသူများသည် အကျဉ်း ထောင်ပြင်ပ ဆေးရုံများသို့ သွားရောက်ခွင့် အပါအဝင် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးကုသမှုများကို အချိန်မီ ရရှိစေရရန် တောင်းဆိုထားသည်။
ထို့ပြင် အစားအစာ၊ ဆေးဝါးနှင့် အခြားလိုအပ်သော ပစ္စည်းများ ပေးပို့နိုင်ရန် နိုင်ငံတကာအကူအညီများကို ခွင့်ပြုပေးခြင်းနှင့် လူ သားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းများ၊ မိသားစုဝင်များအား အကျဉ်းထောင်များသို့ သွား ရောက်ခွင့်ပေးခြင်းတို့ဖြင့် အကျဉ်းထောင်များအတွင်း ဆေးဝါးနှင့် အခြားပစ္စည်းများ ထောက်ပံ့ပေးမှုကို အားဖြည့်ပေးရန်လည်း တောင်းဆိုထားသည်။
ပြည်တွင်းပြည်ပ အဖွဲ့ ၁၅ ခုတွင် ALTSEAN-Burma၊ Amnesty International၊ Article 19၊ Asian Forum for Human Rights and Development (FORUM-ASIA)၊ Assistance Association for Political Prisoners၊ Athan – Freedom of Expression Activist Organization၊ Burma Campaign UK၊ Chin Human Rights Organization၊ Exile Hub၊ Fortify Rights၊ Human Rights Foundation of Monland ၊ Manushya Foundation၊ Myanmar Peace Museum၊ Political Prisoners Network – Myanmar၊ Politics for Women Myanmar ပါဝင်သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
