ရန်ကုန်၊ ဩဂုတ် ၈
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် စစ်သားများ အကြောင်းမဲ့ ရိုက်နှက် နှိပ်စက်ခြင်းကြောင့် ပျူစောထီး ဒုခေါင်းဆောင် ၁ ဦး လက်နက်ခဲယမ်းများ ယူလာပြီး အလင်းဝင်ရောက်လာကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဩဂုတ်လ ၈ ရက်နေ့ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာမှ ပျူစောထီး ဒုခေါင်းဆောင် ကိုလားသည် လက်နက်ခဲယမ်းများ ယူဆောင်လာပြီး လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့ကြောင်း သိရသည်။
ပျူစောထီး ဒုခေါင်းဆောင် ကိုလားသည် အကြမ်းဖက် စစ်သားများ အကြောင်းမဲ့ ရိုက်နှက် နှိပ်စက်ခြင်းကြောင့် စစ်တပ်ကို ပြန်လည် တိုက်ခိုက်ရန် လာရောက်ပူးပေါင်းခြင်းဖြစ်ကြောင်း ပြောဆိုထားပြီး ၎င်းကို လက်ရှိချိန်တွင် ကောင်းမွန်စွာ ဆက် လက်စောင့်ရှာက်ထားကာ စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။
၎င်းအလင်းဝင်လာစဉ် သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၃ လုံး၊ အီနာဂါ ၁ လုံး၊ ကျည်အတောင့် ၂၀၀ ၊ စကားပြောစက် ၁ လုံးနှင့် ဆိုင်ကယ် ၁ စီး ယူဆောင်လာကြောင့် လက်ရှိချိန်တွင် ကနဦး ငွေကျပ် သိန်း ၃၀ ချီးမြှင့်ထားကြောင်း သိရသည်။
“သူက အဆက်အသွယ်မရှိဘဲ အလင်းဝင်လာတော့ ကျနော်တို့ ရဲဘော်တွေကို တွေ့တော့ ပျော်ပြီး ထအော်တာ အောင်ပြီ ဆိုပြီး ကျနော်တို့လည်း နွေးနွေးထွေးထွေး ကြိုဆိုခဲ့ပါတယ်။ ကျောက်နီမော်ရွာမှာရှိတဲ့ စစ်ခွေးတွေ စီးနင်းနေတဲ့ ကား ၊ ဆိုင်ကယ်နဲ့ ထော်လာဂျီတွေကိုလည်း သူက ဘီးတွေ ဖြုတ်ထားခဲ့ပြီး ထွက်လာတာ ကျနော်တို့နဲ့ ပူးပေါင်းပြီး စစ်တပ်ကို ပြန်တိုက်မယ်လို့တော့ ပြောတယ်။ သူတို့ကို ကောင်းကောင်းမွန်မွန် ထားရှိပြီး စစ်ဆေးစောင့်ကြည့်တာတွေ လုပ်ဆောင်နေပါတယ်” ဟု လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ပြောဆိုသည်။
ထိုသို့ ပျူစောထီး ဒုခေါင်းဆောင် ထွက်ပြေးလာပြီးနောက် ကျောက်နီမော်ရွာရှိ ပျူစောထီးများကို စစ်တပ်က လက်နက်ပေးကိုင်းခြင်းမရှိတော့ဘဲ ဖုန်းများကိုလည်း သိမ်းဆည်းထားကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




