ရန်ကုန်၊ ဩဂုတ် ၈
ရခိုင်ပြည်နယ်၊ ကျောက်ဖြူတိုက်ပွဲများတွင် စစ်မှုထမ်းများကိုရှေ့တန်းမှ တိုက်ခိုက်ခိုင်းပြီး သေဆုံးသွားသောအခါ သေချာစွာ သဂြိုလ်ပေးခြင်းမရှိဘဲ ခွေးသေဝက်သေကဲ့သို့ စစ်တပ်က အလောင်းများကို စွန့်ပစ်ထားကြောင်း ယခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ အလင်းဝင်လာသော စစ်မှုထမ်းတပ်သား မောင်မောင်ဝင်းက ထုတ်ဖော်ပြောဆိုလိုက်သည်။
စစ်မှုထမ်းတပ်သား မောင်မောင်ဝင်းသည် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကျေးရွာတွင် နေထိုင်ပြီး ဇာတိမှာ ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဒီပါရုံကျေးရွာတွင် မွေးဖွားခဲ့သူဖြစ်ကြောင်း၊ မတ်လ ၅ ရက်နေ့ ညနေပိုင်း အလုပ်လုပ်ရာ မင်္ဂလာဒုံမြို့နယ်၊ အလယ်ပေါက်(စက်မှုဇုန်)ရှိ စက်ရုံမှ အလုပ်ဆင်းလာပြီးနောက် သူငယ်ချင်းနေအိမ်သို့ အလည်လိုက်သွားခဲ့ကြောင်း၊ ယင်းသို့လိုက်သွားပြီးနောက် ည ၁၁ နာရီဝန်းကျင်လောက်မှ ပြန်လာစဉ် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အပေါင်းအပါများက ဆိုင်ကယ်သူခိုးဟုစွပ်စွဲကာ စစ်တပ်ထဲသို့ ပို့ဆောင်လိုက်ကြောင်း သိရှိရသည်။
မှော်ဘီမြို့နယ်၊ အမှတ် ၁ ဂျိုးဖြူ လေ့ကျင့်ရေးသင်တန်းကျောင်းတွင် စစ်မှုထမ်းအပတ်စဉ် ၁၁ သင်တန်းတက်ရောက်ခဲ့ရပြီး ရခိင်ပြည်နယ်ကျောက်ဖြူမြို့နယ် ရှေ့တန်းစစ်မျက်နှာပြင်သို့ ပို့ဆောင်ခံခဲ့ရကာ ယင်းမှတစ်ဆင့် AA ထံသို့ အလင်းဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။
” မွမ်းမံသင်တန်းတက်ပြီးတော့ စစ်ဆင်ရေးထွက်မယ် အထုပ်တွေပြင်ဆိုပြီး ကျနော်တို့ကို ခိုင်းပါတယ်။ုကားပေါ်ရောက်တော့ ရန်ကုန်တိုင်းဒေသကြီး သီလဝါသင်္ဘောဆိပ်ကမ်းကို ပို့ဆောင်ခဲ့ပါတယ်။ ဘယ်ကိုသွားရမယ်ဆိုတာ ကျနော်တို့မသိခဲ့ပါဘူး။ သင်္ဘောဆိပ်ကိုရောက်တော့မေးလည်း မဖြေခဲ့ပါဘူး။ သင်္ဘောစထွက်တော့မှ ရခိုင်ပြည်၊ ကျောက်ဖြူကို စစ်ဆင်ရေးထွက်မှန်းကျနော်တို့သိခဲ့ရတာ။ ကျောက်ဖြူကို စရောက်ခဲ့တာတော့ ဗိုလ်ကြီး ဟိန်းထက်စံအပါအဝင် ကျနော်တို့ ပစ ၁၃ ယောက်ပါ ။ ၂၀၂၅ ၊၆ လပိုင်း ၂၉ ရက်နေ့မှာ စရောက်ခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။
ကျောက်ဖြူရှေ့တန်းစစ်မြေပြင်တွင် စစ်တပ်က စစ်မှုထမ်းတပ်သားသစ်များကို အတင်းအကျပ် ရှေ့တန်းမှ တိုက်ခိုက်ခိုင်းကြောင်း၊ စစ်မှုထမ်းတပ်သားသစ်များ သေဆုံးသောအခါ မြေကျင်းကို တစ်တောင်ဝန်းကျင် တိမ်တိမ်လေးတူးကာ မြေဖို့ပြီး အမည်ခံမျှသာ သဂြိုလ်ကြောင်း ၊ တိုက်ပွဲတွင် သေဆုံးသွားသော သေချာစွာ သဂြိုလ်ပေးခြင်းမရှိဘဲ ခွေးသေဝက်သေကဲ့သို့ စွန့်ပစ်မှုများကြုံတွေ့ရကြောင်း ၎င်းက ရှင်းပြသည်။
“အာရက္ခတပ်တော်နဲ့ ထိတွေ့မှုဖြစ်တိုင်း ကျနော်တို့ ပြည်သူ့စစ်တွေကို ကြိမ်းမောင်းပြီးတော့ ရှေ့တက်ခိုင်းပါတယ်။ ပြည်သူ့စစ်တွေကျပါတယ်။သူတို့နဲ့နေတဲ့ ပြည်သူ့စစ်တွေကျသွားရင် ခေါင်းကနေ ဆွဲပြီးတော့ မြေမြှုပ်ပါတယ်။ မြေမြှုပ်တဲ့အခါလည်း ကျင်းက တစ်တောင်လောက်နဲ့ မြှုပ်ပါတယ်။အဝေးကနေ လှမ်းကြည့်ရင် ကျနော့်သူငယ်ချင်းတွေရဲ့ အလောင်းကိုလှမ်းမြင်ရပါတယ်။ အဲဒါကိုကြည့်ပြီး ကျနော်စိတ်မကောင်းဖြစ်ခဲ့ရပါတယ်” ဟု အလင်းဝင် စစ်မှုထမ်းတပ်သား မောင်မောင်ဝင်းက ရှင်းပြသည်။
ထို့ပြင် စစ်မှုထမ်းတပ်သားများကို ရှေ့တန်းသို့ တက်၍ မတိုက်လျှင် နောက်မှ သေနတ်ဖြင့် ပစ်ခတ်မည်ဖြစ်ကြောင်း၊ ရှုံးနိမ့်၍ နောက်ပြန်ဆုတ်လာပါကလည်း တိုက်ခိုက်ခံရမည်ဟု ခြိမ်းခြောက် စစ်တိုက်ခိုက်ကြောင်း၊ စစ်မှုထမ်းတပ်သားသစ်များ၏ အသက်ကို စစ်တပ်က မနှောမြောဘဲ သေဆုံးချိန်တွင်လည်း ခွေးသေဝက်သေများကဲ့သို့ ပစ်ထားခဲ့ကြောင်း သူက ရှင်းပြသည်။
“ပြည်သူ့စစ်တွေကို သူတို့အတွက် ဘာတန်ဖိုးမှမရှိ ဘာအရေးမှမထားပါဘူး။ သေရင်လည်း ခွေးတွေဝက်တွေ သေသွားသလိုပစ်ထားခဲ့ပါတယ်။ ဒါကြောင့် ကျနော် သူတို့ရဲ့အာဏာအောက်မှာ မနေနိုင်ဘဲ ကျနော်ထွက်ပြေးခဲ့ပါတယ်” ဟု အလင်းဝင် စစ်မှုထမ်းတပ်သား မောင်မောင်ဝင်းက ရှင်းပြသည်။
အကြမ်းဖက်စစ်ကောင်စီက ယခုလအတွင်း ဖွင့်လှစ်မည့် စစ်မှုထမ်းအပတ်စဉ် ၁၆ အတွက် လူငယ်အရေအတွက် ပြည့်မီခြင်းမရှိသဖြင့် ရန်ကုန်အပါအဝင် မြို့ကြီးများတွင် တံခါးမရှိ ဓားမရှိ ဝင်ရောက် ပေါ်တာဆွဲဖမ်းဆီးကာ စစ်တပ်ထဲသို့ ဆွဲသွင်းမှုများ ဖြစ်ပွားနေကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
