ရန်ကုန်၊ ဩဂုတ် ၈
အကြမ်းဖက် စစ်တပ်က မတရားဖမ်းဆီး ထားသော အလုပ်သမားရေး ဆောင်ရွက်သူ ဒေါ်မျိုးမျိုးအေး အပါအဝင် အဖွဲ့ဝင် ၁၀ ဦးကို ပုဒ်မ ၅(၁)(စ)(ဆ) ဖြင့် အမှုစွဲဆိုထားကြောင်း Solidarity of Trade Union Myanmar မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၂၅ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်ခန့်တွင် သွေးစည်းညီညွတ်သော သမဂ္ဂများ အဖွဲ့ချုပ်မြန်မာ (STUM) ကို ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးကို အကြမ်းဖက် စစ်တပ်က ၎င်း၏နေအိမ်၌ ဖမ်းဆီးသွားပြီး အောင်သပြေစစ်ကြောရေး ၉ မိုင်အနီးရှိ အကူ ၁ တွင် ထိန်းသိမ်းချုပ်နှောင်ထားခဲ့ကြောင်း သိရသည်။
အလားတူ ဇူလိုင်လ ၂၇ ရက်နှင့် ၂၈ ရက်နေ့တို့တွင် STUM အဖွဲ့ဝင်များဖြစ်သော သင်းထက်စံ ၊ စုမြတ်နွယ် ၊ မြင့်မြင့်ခိုင် ၊ သီဟ ၊ ဇော်ထိုက်၊ ဇော်ဆန်းနိုင်၊ ဟေမာန်ဦး၊ ကျော်သက်နိုင်နှင့် ဂျွန်တူးမောင် တို့ကို အကြမ်းဖက် စစ်တပ်က ထပ်မံ ဖမ်းဆီးခဲ့ပြီး ၉ မိုင်အနီး အကူ ၁ တွင် ထိန်းသိမ်း ချုပ်နှောင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဖမ်းဆီး ထိမ်းသိမ်းထားသူ အားလုံးကို ဩဂုတ်လ ၅ ရက်နေ့တွင် နံနက်ပိုင်းတွင် အောင်သပြေစစ်ကြောရေးသို့ ပို့ဆောင်ပြီးနောက် ညနေပိုင်းတွင် ရွှေပြည်သာ၊ မြောက်ဥက္ကလာ၊ အင်းစိန်မြို့နယ်များသို့ လွှဲပြောင်းပို့ဆောင်ပြီးနောက် ဩဂုတ်လ ၇ ရက်နေ့တွင် ၎င်းတို့ အားလုံးကို ၁၉၆၁ ခုနှစ် ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့်ခံဝန်အက်ဥပဒေ ပုဒ်မ ၅(၁)(စ)(ဆ) ဖြင့် သီးခြားစီ အမှုစွဲဆိုပြီး အမြို့နယ်တရားရုံး (၃)ရုံးခု၌ ချုပ်ရီမာန်ပေးလိုက်ကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ်တရားရုံးတွင် ဒေါ်မျိုးမျိုးအေး ၊ သင်းထက်စံ ၊ စုမြတ်နွယ် ၊ မြင့်မြင့်ခိုင် ၊ သီဟ ၊ ဇော်ထိုက် ၊ ကျော်သက်နိုင်၊ ဇော်ဆန်းနိုင် တို့ကို ဩဂုတ်လ ၂၀ ရက်နေ့တွင် ထပ်မံရုံးထုတ်မည်ဖြစ်ကြောင်း၊ ဂျွန်တူးမောင်နှင့် ဟေမာန်ဦး တို့ကို ဩဂုတ်လ ၁၄ ရက်နေ့တွင် မြောက်ဥက္ကလာပ မြို့နယ်တရားရုံးနှင့် အင်းစိန် မြို့နယ်တရားရုံးတွင် ရုံးထုတ်မည်ဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
