မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့နှင့်ပူချွန်မြို့တို့တွင် တရားမဝင် မြန်မာနိုင်ငံသား ၁၀၀ ကျော်ဖမ်းဆီးခံရကြောင်း မလေးရှားနိုင်ငံမှ လာသော သတင်းများအရ သိရှိရသည်။
ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်း မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ Setapak Kl လူနေအိမ်ရပ်ကွက်ကို မလေးရှားလူဝင်မှုကြီးကြပ်ရေးနှင့်ရဲများက ဝင်ရောက်ဖမ်းဆီးခဲ့ရာ တရားမဝင် နိုင်ငံခြားသား စုစုပေါင်း ၁၂၅ ယောက်ဖမ်းဆီးခံရကြောင်း၊ ယင်းတို့ထဲတွင် မြန်မာနိုင်ငံသား ၆၉ ဦး၊ အိန္ဒိယ ၂၅ ဦး၊ ပါကစ္စတန် ၁၄ ဦး၊ အင်ဒိုနီးရှား ၁၂ ဦးနှင့် ဘင်္ဂလားဒေ့ရှ် ၅ ဦး ပါဝင်ကြောင်း သိရှိရသည်။
“ဒီမနက် မိသွားတာက တိုင်လို့ ဝင်ဖမ်းတာ။ ဖမ်းမိသွားတဲ့သူတွေက တရားဝင်အထောက်အထားမရှိတဲ့သူတွေချည်းပဲ။ မလေးရှားမှာ အော်ပရာစီက အရမ်းများလာတယ်။ အနေအထိုင်မတတ်လို့ အတိုင်ခံရပြီး ဖမ်းခံရတာကတော့ ကိုယ့်နိုင်ငံသားတွေ နစ်နာတယ်” ဟု မလေးရှားရောက် မြန်မာတစ်ဦးက ဆိုသည်။
အလားတူ မလေးရှားနိုင်ငံ၊ စီလန်ဂေါပြည်နယ်၊ ပူချွန်းမြို့တွင်လည်း စက်တင်ဘာလ ၈ ရက်နေ့ မလေးရှား လူဝင်မှုကြီး ကြပ်ရေးက အစားအသောက်ရောင်းချသော Food Court ကို ဝင်ရောက်စစ်ဆေးရာ မြန်မာနိုင်ငံသား ၄၁ ဦး ကို တရားမဝင် နေထိုင်မှုဖြင့် ဖမ်းဆီးရရှိကြောင်း သိရှိရသည်။
မလေးရှားအစိုးရက ဖမ်းဆီးရရှိသော မြန်မာနိုင်ငံသားများကို မြန်မာနိုင်ငံသို့ ချက်ချင်းပြန်ပို့လေ့ရှိပြီး ပြန်ပို့ခံရသူများတွင် စစ်မှုထမ်းတိမ်းရှောင်သူများ၊ CDM ဝန်ထမ်းတချို့နှင့် စစ်တပ်မှ ထွက်ပြေးလာသူများလည်း ပါဝင်မှုများရှိနေကြောင်း မလေးရှားရောက် မြန်မာအသိုင်းအ၀ိုင်းက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar





