ရန်ကုန်မြို့တွင် အဝေးပြေးကားဝင်းမှ ရန်ကုန်မြို့တွင်းသို့ အငှားယာဉ် ငှားရမ်းစီးမိရာမှ လူငယ် ၁ ဦး စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးခံလိုက်ရကြောင်း ဖမ်းဆီးခံရသော လူငယ်တချို့၏ မိဘဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာ ၂ ရက်နေ့ ဘိုကလေးမြို့နယ်မှ အသက် ၅၀ အရွယ် ဒေါ်မကြီးအုန်းနှင့် တူဖြစ်သူ အသက် ၂၀ အရွယ် မောင်ဆန်းတင်တို့သည် ဘိုကလေးမှ ရန်ကုန်မြို့ ၊ လှိုင်သာယာ ဒဂုံဧရာ အဝေးပြေးသို့ စုပေါင်းအငှားယာဉ်ဖြင့် ရောက်ရှိလာခဲ့ကြောင်း၊ ယင်းနောက် ဆွေမျိုးများရှိရာ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ၁၂၂ ရပ်ကွက်သို့ သွားရောက်ရန် ကားငှားရမ်းခဲ့ကြောင်း၊ တက္ကစီ ယာဉ်မောင်းက နောက်ထပ် လူ ၂ ဦး ရရှိပါက ကားထွက်မည်ဟု ပြောဆိုပြီး ယာဉ်ပေါ်တွင် ဒေါ်မကြီးအုန်းနှင့် မောင်ဆန်းတင်တို့ တူ၀ရီးကို စောင့်ဆိုင်းခိုင်းခဲ့ကြောင်း၊ ယင်းနောက် ဒေါ်မကြီးအုန်းက အိမ်သာ ခဏ သွားရန်အတွက် ကားပေါ်မှ ဆင်းလာစဉ် ကားသမားက တူဖြစ်သူ မောင်ဆန်းတင်ကို တင်ဆောင်၍ ကားမောင်းထွက်သွားခဲ့ကြောင်း သိရှိရသည်။
ယင်းနောက် ဒေါ်မကြီးအုန်းက အိမ်သာမှပြန်လာပြီး တူဖြစ်သူနှင့်တက္ကစီအငှားယာဉ်ကို မတွေ့၍ တူဖြစ်သူ၏ဖုန်းနံပါတ်ကို ဆက်သွယ်သောအခါ ဖုန်းစက်ပိတ်ထားကြောင်း၊ သက်ဆိုင်ရာ နယ်မြေခံ ဒဂုံဧရာအဝေးပြေးဝင်း လုံခြုံရေးရဲသားတစ်ဦးထံသို့ အကြောင်းကြားသောအခါ စိတ်မပူရန်သာ ပြောဆိုပြီး အမှုဖွင့်ပေးခြင်းမရှိကြောင်း၊ စက်တင်ဘာလ ၂ ရက်နေ့ ည ၈ နာရီအချိန် တွင် တူဖြစ်သူက ရွှေပြည်သာ စစ်သားစုဆောင်းရေးသို့ ရောက်ရှိသွားပြီး စစ်မှုထမ်းရန် ခေါ်ဆောင်ခံရသည်ဟု ဖုန်းဆက် အကြောင်းကြားလာကြောင်း သိရှိရသည်။
မောင်ဆန်းတင်၏ အဒေါ်ဖြစ်သူနှင့် ဆွေမျိုးများက ရွှေပြည်သာ စုဆောင်းရေးတပ်များထံသို့ လိုက်လံစုံစမ်းသော်လည်း မရှိ၊ မသိဟုသာ စစ်တပ်က ဖြေဆိုပြီး တူဖြစ်သူ၏လက်ကိုင်ဖုန်းမှာလည်း ဆက်သွယ်မရတော့ကြောင်း၊ မောင်ဆန်းတင်၏ဖုန်းမှာလည်း စက်ပိတ်ထားကြောင်း သိရှိရသည်။
” ဖုန်းအဆက်သွယ်ရတဲ့အချိန်က ကားသမားနဲ့ အဖော် အမျိုးသားကြီး ၁ ဦးက သားကို အတင်းခေါ်တယ်ပြောတယ်။ ငြိမ်ငြိမ်မလိုက်ရင် အသားနာမယ်ဆိုပြီး ခေါ်သွားတာ။ နောက်တော့ စစ်မှုထမ်းရမယ်ဆိုပြီး ရွှေပြည်သာထဲက စစ်သားစုဆောင်းရေးတပ်တစ်ခုထဲ ရောက်နေတယ်ပြောပါတယ်။ စက်တင်ဘာလ ၃ ရက်နေ့ ရွှေပြည်သာထဲက စစ်တပ်တွေဆီ လိုက်ပေမယ့် ရှာလို့မရခဲ့ပါဘူး။ အခုထက်ထိတော့ ဖုန်းက ပိတ်ထားတယ် ဆက်သွယ်မရပါဘူး” ဟု မောင်ဆန်းတင်၏ ဆွေမျိုးတစ်ဦးက ဆိုသည်။
မောင်ဆန်းတင်ပျောက်ဆုံးမှုအတွက် နယ်မြေရဲစခန်းများတွင် လူပျောက် အကြောင်းကြားထားကြောင်း သိရှိရသည်။
ဓာတ်ပုံ – ရန်ကုန်တွင် သွားလာနေသော တက္ကစီအငှားယာဉ်ကို ရပ်တန့်စစ်ဆေးနေသည့် အကြမ်းဖက်ရဲများ။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
