ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ရွေးကောက်ပွဲပြုလုပ်နိုင်ရေးအတွက် အကြမ်းဖက်စစ်တပ်က အင် အား ဖြည့်တင်းကာ မြို့အနီးပတ်ဝန်းကျင်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဖားကန့်ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ စက်တင်ဘာလ ၁၆ ရက်ညပိုင်း ကာမိုင်းမှ တဆင့် ဖားကန့်မြို့သို့ စစ်ကား ၈ စီးဖြင့် စစ်ကြောင်းတစ်ခု ကင်းပုန်းအထပ်ထပ်ယူ၍ တက်လာခဲ့ရာ ညဦးပိုင်းတွင် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာသို့ ရောက် ရှိခဲ့ကြောင်း၊ လက်ရှိအချိန်တွင် ဖားကန့်မြို့ရှိ လက်ကျန်အင်အားနှင့် ထပ်မံဖြည့်တင်းထားသော ပေါင်းပါက စစ်သားဦးရေ ၁၀၀၀ ဝန်းကျင်ရှိကြောင်း သိရသည်။
“အင်အားတွေ ထပ်ဖြည့်နေတယ်၊ မနေ့ကပဲ ကာမိုင်းကနေ စစ်ကား ၈ စီးတက်လာတယ်။ ကားမိုင်းနဲ့ ဖားကန့် တကြောလုံးကို ကင်းပုန်းအပြည့်ယူထားပြီးတော့ ကား ၈ စီးတက်လာတယ်။ ကျနော်တို့ သတင်းရတဲ့ဟာဆိုရင် ကား ၆ စီး ယမ်းချက်ထဲကိုဝင်တယ်။ လုံးခင်း ယမ်းချက်ထဲကို ကား ၆ စီးဝင် တယ်။ ဒါက ညဦးပိုင်းမှာ သိရတာ။ နောက်ပိုင်းအချိန်တွေမှာတော့ နောက်ထပ် ၂ စီးလည်း ထပ်ဝင် နိုင်တယ်။ ကား ၈ စီးတက်ခဲ့တာပေါ့၊ အဲဒီအခြေအနေတော့ရှိတယ်။ စစ်အင်အား ထပ်ဖြည့်နေတာ တော့ ဟုတ်တယ်။ အဓိက သူတို့ရှေ့မတိုးနိုင်သေးတဲ့နေရာတွေကနေ ရှေ့တိုးဖို့ကြိုးစားတာလည်း ရှိမယ်၊ နောက်ထပ်ဒီဒေသထဲမှာ ကြားနေရတဲ့ သတင်းအရ ဆိပ်မူ(ဆိုင်းတောင်)ကို ရွေးကောက်ပွဲ မကျင်းပခင် အပြီထိန်းချုပ်ချင်တဲ့သဘော။ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ဆိပ်မူကိုလည်း စစ်ကြောင်း ထိုးမယ်လို့ ယူဆရတယ်။ ဆိပ်မူက တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတာ၊ အဲဒါကြောင့် လည်း အင်အားတွေက ထပ်ဖြည့်နေတာ” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဖားကန့်မြို့တွင်းနှင့် ဗျူဟာကုန်းတို့၌ နေရာယူထားသော အကြမ်းဖက်စစ်ကောင်စီတပ်က မြို့အနီး ပတ်ဝန်းကျင်ကို လက်နက်ကြီးဖြင့် နေ့စဉ် ပစ်ခတ်ရှင်းလင်းလျက်ရှိပြီး ယနေ့ စက်တင်ဘာလ ၁၇ ရက် နံနက်ပိုင်းကလည်း ဖားကန့်မြို့အနီးရှိ ဆိုင်းဂျာဘွမ်ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ် ခတ်ခဲ့ရာ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။
“တိုက်ပွဲရယ်တော့ မဟုတ်ဘူး။ ရှိနေတဲ့နေရာကနေ လက်နက်ကြီးပစ်နေတာ။ ရမ်းပစ်တဲ့သဘော၊ အခုမနက် ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု ၊ ဆိုင်းဂျာဘွမ်ကျေးရွာကို လက်နက်ကြီးကျလို့ အမျိုးသားတစ်ဦး အပြင်းအထန် ဒဏ်ရာရတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
ဖားကန့်တွင် မေလနှောင်းပိုင်းမှစတင်၍ စစ်တပ်က စစ်ကြောင်းထိုးလာခဲ့ပြီး စစ်တပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပြည်သူ ၇၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဖားကန့်ဒေသပြည်သူများထံမှ သိရှိရသည်။
ဓာတ်ပုံ – အကြမ်းဖက်စစ်တပ်၏ စစ်ယာဉ်တန်းတစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
