ထိုင်းနိုင်ငံ တောင်ပိုင်း ဖူးခက်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ တရားဝင် မြန်မာလုပ်သား ၂၀၀ ခန့်ကို အလုပ်ရှင်က လုပ် အားခမရှင်းပေးဘဲ တိမ်းရှောင်သွားသည့်အတွက် NUG အစိုးရ အလုပ်သမားဝန်ကြီးဌာနနှင့် MHAC မဟာမိတ်အဖွဲ့တို့ ပူးပေါင်းပြီး လုပ်အားခပြန်လည်ရရှိရေး ကူညီပေးနေကြောင်း အေအေစီ ကိုရဲမင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
MHAC မဟာမိတ်အဖွဲ့အနေဖြင့် အလုပ်သမားများ၏ အကူအညီခံမှုတောင်းခံမှုကြောင့် NUG အလုပ်သမားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးဦးနိုင်ထွန်းဦးနှင့် အတူ MHAC ရုံးအခြေစိုက်ရာ မဟာချိုင်မှ ထိုင်းတောင်ပိုင်း ဖူးခက်မြို့အထိ သွားရောက်ကာ မြန်မာလုပ်သားများအား ကူညီပေးနိုင်ရန် ကွင်းဆင်းနယ်မြေဆင်း သွားရောက်ညှိနှိုင်းကြောင်း သိရှိရသည်။
“အမှုက ဒီနေ့လည်း မပြီးသေးဘူး။ အလုပ်သမားတွေ ရမယ့်ငွေက ဥပမာ တစ်ဦးကို ဘတ် ၁၀,၀၀၀ ဆိုရင် အလုပ်ရှင်ဘက်က ၈၀၀၀ ပဲ ပေးချင်တာ။ ပြီးတော့ အလုပ်သမားတွေဘက်မှာ လုပ်အားခနဲ့ ပတ်သက်လာရင် စာရင်းအင်းက အားလုံးမပြည့်စုံကြဘူး။ မပြည့်စုံတော့ အလုပ်ရှင်ဘက်က လျှော့ပေးချင်တယ်။ အလုပ်သမားတွေဘက်ကလည်း လုပ်အားခအပြည့်ရချင်တယ်ဆိုတဲ့ ကိစ္စမျိုး ထပ်ပြီးတော့ ညှိနေရတယ်”ဟု အေအေစီ ကိုရဲမင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အလုပ်သမားများ ရရှိရမည့် လုပ်အားခ စုစုပေါင်းသည် ဘတ် ၁ သန်းကျော်မည်ဖြစ်သာ်လည်း အလုပ်ရှင်ဘက်က အပြည့်အဝ မပေးလို၍ ညှိနှိုင်းနေဆဲ ဖြစ်ကြောင်း သိရှိရသည်။
“အဲဒီဟာ အဆင်မပြေဘူးဆိုရင် အလုပ်သမားတွေက တိုင်ချက်ဖွင့်မှာ ဖြစ်တယ်။ အလုပ်ရှင်ဘက်က ပြေလည်အောင် ပေးချေမယ်ဆိုရင်တော့ ဒီနေ့ အလုပ်သမားအတော်များများရမှာပေါ့ ဘတ် သန်းကျော်မယ်။ အနည်းဆုံး ဘတ် ၁ သန်းကျော်ရှိမယ်။ အဲဒီတော့ သေချာ ငွေအမောင့်တောင် တွက်ချက်နေတုန်းပဲ။ ဒီနေ့အထိ ဆက်လုပ်ပေးနေပါတယ်။ မနေ့က တစ်ရက်တည်းနဲ့ မပြတ်ဘူး”ဟု အေအေစီ ကိုရဲမင်းက လတ်တလော အခြေအနေကို ရှင်းပြသည်။
NUG အစိုးရ အလုပ်သမားဝန်ကြီးဌာနနှင့် MHAC မဟာမိတ်အဖွဲ့တို့မှာ ထိုင်းနိုင်ငံအတွင်း မြန်မာအလုပ်သမားများ၏ အရေးကိစ္စနှင့်ပတ်သက်ပြီး ရှေ့တန်းမှ ဦးဆောင် ဖြေရှင်းပေးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




