ရန်ကုန်၊ အောက်တိုဘာ ၂
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ နိုဘောထီးရွာကို စစ်ကြောင်းထိုးလာသည့် BGF နှင့် စစ်တပ် ပူးပေါင်း အဖွဲ့ကို ၄ ရက်ကြာ ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၀ ဦး ထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း နဂါးနက်စစ်ကြောင်း မှ စစ်ကြောင်းမှူး ဗိုလ်တတ်တူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၂၂ ရက်နေ့က စတင်ပြီး ဖာပွန်မြို့နယ်၊ နိုဘောထီးရွာကို မောင်လှကြိုင် ဦးဆောင်သော BGF အဖွဲ့နှင့် အကြမ်းဖက် စစ်တပ် ပူးပေါင်းထားသော အင်အား ၃၀၀ ခန့်ပါ စစ်ကြောင်းက စစ်ကြောင်းထိုးလာ၍ တော်လှန်ရေး တပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုထိတွေ့ တိုက်ပွဲသည် စက်တင်ဘာလ ၂၆ ရက်နေ့ထိ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးကာ နဂါးနက်စစ်ကြောင်း (Black Dragon Column) ဘက်မှလည်း တော်လှန်ရေး ရဲဘော် ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ကြောင်း မတိုးနိုင်သော်လည်း အင်အားများ ထပ်မံဖြည့်တင်းနေ၍ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလာနိုင်ကြောင်း၊ တော်လှန်ရေး ရဲဘော်များသည်လည်း စစ်ကြောင်း ထပ်မံ တိုးလာမည်ကို စောင့်ကြည့်နေကြောင်း သိရသည်။
“စက်တင်ဘာ ၂၂ ရက်နေ့ နံနက်ပိုင်းက စပြီးတော့ နိုဘောထီး ကျေးရွာ အနီးမှာ တိုက်ပွဲစဖြစ်တာပါ။ ၂၆ ရက်နေ့ တိုက်ပွဲမှာ ကျနော်တို့ ရဲဘော်တွေ ထိခိုက်ဒဏ်ရာရလို့ တပ်ပြန်ဆုတ်ခဲ့တယ်။ အဲစစ်ခွေးတွေက ကမောင်ဘက်ကနေ လာပြီး BGF က မောင်လှကြိုင်နဲ့ ပူးပေါင်းပြီး ကျနော်တို့ကို စစ်ကြောင်းထိုးလာတာပါ” ဟု နဂါးနက်စစ်ကြောင်း မှ စစ်ကြောင်းမှူး ဗိုလ်တတ်တူးက ပြောဆိုသည်။
နဂါးနက် စစ်ကြောင်း(Black Dragon Column)သည် ဖာပွန်ခရိုင် အတွင်း အကြမ်းဖက် စစ်တပ်နှင့် BGF ပူးပေါင်း အဖွဲ့တို့၏ စစ်ကြောင်းထိုးမှုများကို ကြိမ်ဖန်များစွာ ကြားဖြတ် တိုက်ခိုက်နေသော အဖွဲ့ဖြစ်ပြီး မထော၊ ဆင်စွယ် ၊ တောင်သုံးလုံး ၊ နိုဘော်ထီး၊ ကတိုင်တိ နှင့် မဲပလီ တပ်စခန်းသိမ်း တိုက်ပွဲများတွင်လည်း ပူးပေါင်း ပါဝင်ခဲ့ကြောင်း သိရသည်။
မြေပြင်တွင်လည်း အကြမ်းဖက် စစ်တပ်က အင်အား အလုံးအရင်းဖြင့် ထပ်မံ စစ်ကြောင်းထိုးရန် ပြင်ဆင်နေခြင်းကြောင့် ခဲယမ်းဖြည့်တင်းရန်နှင့် ဒဏ်ရာရ ရဲဘော်များကို ဆေးဝါးကုသရန် ဆေးဝါးများလည် လိုအပ်လျက်ရှိ၍ ပြည်သူများ ပူးပေါင်း ပါဝင်ကြရန် မေတ္တာရပ်ခံကြောင်း နဂါးနက်စစ်ကြောင်း မှ စစ်ကြောင်းမှူး ဗိုလ်တတ်တူးက ဆက်လက်ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
