27.7 C
Yangon

မြန်မာနိုင်ငံတွင် ပညာရေးနှင့် အလုပ်အကိုင် အကျပ်အတည်း ပိုမို နက်ရှိုင်းလာသောကြောင့် လူငယ်များ၏ အနာဂတ် ရပ်တန့်ခံနေရဟု ကုလသမဂ္ဂ UNDP က သတိပေး

Must read

ရန်ကုန်၊ အောက်တိုဘာ ၂

မြန်မာနိုင်ငံတွင် ပညာရေးနှင့် အလုပ်အကိုင် အကျပ်အတည်း ပိုမို နက်ရှိုင်းလာသောကြောင့် လူငယ်များ၏ အနာဂတ် ရပ်တန့်ခံနေရဟု ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်- UNDP က သတိပေးလိုက်သည်။

မြန်မာနိုင်ငံတွင် ပညာသင်ကြားမှုများ ပြတ်တောက်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ နည်းပါးလာခြင်းနှင့် အသက်မွေးဝမ်းကျောင်းမှုများ ထိရှလွယ်လာခြင်းတို့ကြောင့် လူငယ်မျိုးဆက်များ၊ အထူးသဖြင့် အမျိုးသမီးငယ်များသည် ဘေးဖယ်ထားခံရသည့် အခြေအနေသို့ တွန်းပို့ခံနေရပြီး မြန်မာနိုင်ငံ၏ လူဦးရေဆိုင်ရာ အကျိုးအမြတ် (demographic dividend) များ ဆုံးရှုံးလုနီးပါး ဖြစ်နေကြောင်း သိရှိရသည်။

ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP)က ထုတ်ပြန်လိုက်သော အစီရင်ခံစာအသစ်တွင် မြန်မာနိုင်ငံ လူဦးရေ၏ သုံးပုံတစ်ပုံကျော်ဖြစ်သော လူငယ်များသည် မကြုံစဖူးသော မရေမရာသည့် အခြေအနေများ ရင်ဆိုင်နေကြောင်းကို မီးမောင်းထိုးပြထားပါသည်။

နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးကျဆင်းလာမှုနှင့် လူမှုဘဝဆိုင်ရာ ပြဿနာများကြားတွင် လူငယ်များ၏ ပညာရေးနှင့် ဝင်ငွေရရှိမှုလမ်းကြောင်းများသည် ဆိုးရွားစွာ ယိုယွင်းလာခဲ့ပြီး မြန်မာ့လူငယ်များကို “အနာဂတ် ရပ်တန့်ခံ” အခြေအနေသို့ ရောက်ရှိစေကာ ၎င်းတို့၏ ကိုယ်ပိုင်စွမ်းရည်များကို အကောင်အထည် မဖော်နိုင်ဖြစ်စေခဲ့ကြောင်း၊ အဆင့်မြင့်ပညာ အောင်မြင်ထားသူများသည်ပင် အလုပ်အကိုင်များ ရှာဖွေရန် ရုန်းကန်နေကြရပြီး၊ အထူးသဖြင့် အမျိုးသမီးငယ်များတွင် ပိုမိုဖြစ်ပေါ်နေသည်ကို တွေ့ရကြောင်း၊ ဤအခြေအနေသည် ပညာရေးဆိုင်ရာ ဘွဲ့လက်မှတ်များနှင့် ရရှိနိုင်သော အလုပ်အကိုင်အခွင့်အလမ်းများအကြား ချိတ်ဆက်မှု ကင်းမဲ့နေမှုကို ထင်ရှားစွာ ဖော်ပြလျက်ရှိကြောင်း UNDP က ပြောဆိုသည်။

ယခုတွေ့ရှိချက်များအား နိုင်ငံလုံးဆိုင်ရာ မြန်မာလူငယ် သဘောထား စစ်တမ်း ၂၀၂၄ (Myanmar Youth Survey 2024) မှ ရရှိသည့် အချက် အလက်များကို ကောက်နုတ်ထားပြီး၊ တွေ့ဆုံမေးမြန်းမှုများနှင့် အုပ်စုဖွဲ့ဆွေးနွေးမှုများဖြင့် ဖြည့်စွက်ထားကြောင်း၊ “အနာဂတ် ရပ်တန့်ခံ မျိုးဆက်သစ်- မြန်မာ့လူငယ်များ၏ အလုပ်အကိုင်နှင့် ပညာရေးအခြေအနေ” အမည်ရှိ အစီရင်ခံစာမှာ မြန်မာလူငယ်များအပေါ် ကြာရှည်သော ပဋိပက္ခ၏ သက်ရောက်မှုများကို စောင့်ကြည့်လေ့လာနေသည့် အာရှ-ပစိဖိတ်ဒေသဆိုင်ရာ UNDP ၏ လူငယ်စီးရီးမှ ဒုတိယမြောက် အစီရင်ခံစာ ဖြစ်ကြောင်း သိရှိရသည်။

ကျေးလက်နေ လူငယ်များသည် မြို့ပြလူငယ်များနှင့် နှိုင်းယှဉ်ပါက အသက်မွေးဝမ်းကျောင်းဆိုင်ရာ အလုပ်များနှင့် ပညာရေးကို လက်လှမ်းမီမှု နည်းပါးခြင်းတို့ကြောင့် နစ်နာဆုံးရှုံးလျက်ရှိပြီး ဒေသအလိုက် မညီမျှမှုများကို ပိုမိုနက်ရှိုင်းစေကြောင်း၊ “မြန်မာနိုင်ငံတွင် ပညာရေးမှ အလုပ်အကိုင်သို့ ကူးပြောင်းသည့် လမ်းကြောင်းများ ရပ်တန့်နေခြင်းသည် စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုတစ်ခုတည်းသာမက၊ မျိုးဆက်တစ်ခုလုံးကို ခြိမ်းခြောက်နေသည့် အချက်ပေးခေါင်းလောင်းလည်းဖြစ်သည်” ဟု UNDP ၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဦးဆောင် ညွှန်ကြားရေးမှူး Kanni Wignaraja က ပြောကြားသည်။

“ပညာသင်ကြားမှု ပြတ်တောက်ခြင်း၊ ကောင်းမွန်သောအလုပ်များ ပျောက်ကွယ်လာခြင်းနှင့် မလုံခြုံမှုများ ပိုမိုမြင့်တက်လာခြင်းတို့အပြင် ကျား-မ အခြေပြုသော ကွာဟမှုများနှင့် လူမှုရေးဆိုင်ရာ အတားအဆီးတွေရဲ့ ဖိအားတွေအောက်တွင် သန်းနှင့်ချီသော လူငယ်အမျိုးသမီးများနှင့် အမျိုးသားများသည် သူတို့ရဲ့ ရည်မှန်းချက်များနှင့် စွမ်းရည်များ ပြိုလဲနေရတာကို မြင်တွေ့နေကြရသည်” ဟု ၎င်းက ဆက်ပြောသည်။

အဓိက တွေ့ရှိချက်များမှာ အလုပ်အကိုင်မှ လူငယ်များစွာ ဖယ်ကျဉ်ခံထားရမှု အမြင့်မားဆုံးအဆင့်သို့ ရောက်ရှိလာကြောင်း၊ လူငယ်လေးပုံတစ်ပုံ ခန့်မှန်းခြေ ၄ သန်းနီးပါး)မှာ အလုပ်လက်မဲ့ဖြစ်နေပြီး ကယားတွင် ၅၀ ရာခိုင်နှုန်းကျော် နှင့် ရခိုင်တွင် ၄၀ ရာခိုင်နှုန်းထက် ကျော်လွန်နေကြောင်း၊ အလုပ်လုပ်ကိုင်နေသူ လူငယ်အများစုသည် မိမိပိုင် လယ်ယာလုပ်ငန်းများ သို့မဟုတ် ယာယီနေ့စား အလုပ်များကဲ့သို့သော ပုံမှန်မဟုတ်သော အလွတ်သဘော ကဏ္ဍများတွင် လုပ်ကိုင်နေကြပြီး ဝင်ငွေထိခိုက်မှုများနှင့် စီးပွားရေး မတည်မငြိမ်ဖြစ်မှုများ ခံစားနေရကြောင်း သိရှိရသည်။

ပညာသင်ကြားမှုပြတ်တောက်ခြင်းများ ပိုမိုများပြားလာခြင်းအနေဖြင့် အသက် ၁၈-၂၄ နှစ်ကြား လူငယ် ၄ ဦးတွင် ၃ ဦး ခန့်မှန်းခြေ လူငယ် ၅ သန်းကျော် သည် ပညာရေး သို့မဟုတ် သင်တန်းတစ်ခုခုတွင် တက်ရောက်ခြင်း မရှိတော့ကြောင်း၊ ထိုအရေအတွက်သည် ကျေးလက်ဒေသများတွင် ငါးဦးလျှင် လေးဦးနီးပါးအထိ မြင့်တက်လာပြီး အထူးသဖြင့် တနင်္သာရီ၊ ချင်း၊ စစ်ကိုင်းနှင့် ကရင်တို့တွင် ပိုမိုဖြစ်ပေါ်နေကြောင်း သိရှိရသည်။

ပညာရေးနှင့် အလုပ်အကိုင်တွင် ကျား-မ ကွာခြားမှုကြောင့် အတားအဆီးများ ပိုမိုဖြစ်လာရာနေရာ အမျိုးသားများ၏ ၅ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက အမျိုးသမီးငယ်လေးပုံတစ်ပုံနီးပါးသည် အိမ်တွင်းတာဝန်များကြောင့် ကျောင်းမှ ထွက်ခွာခဲ့ရကြောင်း၊ အမျိုးသမီးများသည် အမျိုးသားများထက် ပျမ်းမျှ ၂၂ ရာခိုင်နှုန်း လျော့နည်းသော ဝင်ငွေကိုသာ ရရှိကြကြောင်း၊ တနင်္သာရီတွင် အလုပ်မလုပ်သော အမျိုးသမီးများ၏ သုံးပုံတစ်ပုံကျော်သည် ၎င်းတို့၏ အိမ်ထောင်ဖက်ထံမှ အလုပ်ရှာဖွေခြင်းမှ တားဆီးခြင်းခံထားရကြောင်း သိရှိရသည်။

လူငယ်များ၏ အသက်မွေးဝမ်းကျောင်းမှု များမှာ ခိုင်မာမှုမရှိတော့ကြောင်း၊ လူငယ်လေးပုံတစ်ပုံသည် လွန်ခဲ့သည့် နှစ်နှစ်အတွင်း အလုပ်ထုတ်ခံရခြင်း၊ လုံခြုံမှုမရှိခြင်း သို့မဟုတ် မိသားစုဖိအားများ ကြောင့် ၎င်းတို့၏ အဓိက ဝင်ငွေရလမ်းကို ပြောင်းလဲခဲ့ရသည်ဟု ဆိုသည်။

မည်သည့်နေရာမှပါဝင်တော့သော ‘NEET မျိုးဆက်’ ဖြစ်လာမည့် အန္တရာယ် မြင့်တက်လာနေကြောင်း၊ လူငယ် ၅ ဦးတွင် ၁ ဦးနီးပါး (ခန့်မှန်းခြေ ၃ သန်းနီးပါး) သည် အလုပ်လုပ်ကိုင်ခြင်း၊ ပညာသင်ကြားခြင်း၊ သင်တန်း တက်ရောက်ခြင်းတို့တွင် မည်သည့် နေရာ၌မျှ ပါဝင်နေခြင်း မရှိသည့် အခြေအနေ (NEET) တွင် ရှိနေကြောင်း၊ ထိုသို့သော အခြေအနေကို အမျိုးသမီးများ ၏ ၂၅ ရာခိုင်နှုန်းက ရင်ဆိုင်နေရပြီး ပဋိပက္ခဒေသများဖြစ်သော ကယားတွင် ၄၂ ရာခိုင်နှုန်း နှင့် ရခိုင်တွင် ၃၂ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံး ရှိနေကြောင်း သိရှိရသည်။

အဆိုပါစိန်ခေါ်မှုများကြားမှပင် စစ်တမ်းအရ မြန်မာလူငယ်များ၏ ခံနိုင်ရည်နှင့် ရည်မှန်းချက်များကို မီးမောင်းထိုးပြထားပြီး၊ တစ်ဝက်နီးပါးသည် အသက်မွေးဝမ်းကျောင်းပညာရပ်ဆိုင်ရာ သင်တန်းများကို ဦးစားပေးလိုအပ်ချက်အဖြစ် ဖော်ပြခဲ့ကြကြောင်း၊ လူငယ်အများအပြားသည် လိုအပ်ချက်ကြောင့် ကိုယ်ပိုင်လုပ်ငန်းများ၊ အသေးစားလုပ်ငန်းနှင့် အလွတ်သဘောစီးပွားရေးလုပ်ငန်းများတွင် ပါဝင် လုပ်ကိုင်နေကြသည်ကိုလည်း တွေ့ရသည်ဟု အစီရင်ခံစာက ဆိုသည်။

အထက်ပါအချက်အလက်များအပေါ် အခြေခံ၍ ပြောင်းလွယ်ပြင်လွယ်ရှိသော သင်ယူမှုနှင့် အသက်မွေးဝမ်းကျောင်းသင်တန်းများကို တိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် ဒေသအလိုက် ဦးဆောင်မှုများ အလျင်အမြန်ဆောင်ရွက်နိုင်ရေး UNDP မှ တိုက်တွန်းထားသည်။

အထူးသဖြင့် ကျေးလက်နေ၊ နေရပ်စွန့်ခွာရသူနှင့် အိမ်မှုကိစ္စများကို စောင့်ရှောက်နေရသော လူငယ်များအတွက် ဦးစားပေးဆောင်ရွက်သင့်သည်။ ဤစွမ်းရည်များကို စိုက်ပျိုးရေး၊ ဒီဂျစ်တယ်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကဏ္ဍရှိ အလုပ်အကိုင်များနှင့် ချိန်ညှိရန်လည်း လိုအပ်ကြောင်း၊ စိန်ခေါ်မှုများ ရှိနေသော်လည်း အမျိုးသမီးငယ်များ၏ အလုပ်အကိုင်ဆိုင်ရာ အတားအဆီးများကို ဖြေရှင်းရန်မှာလည်း အရေးကြီးပြီး အိမ်မှုကိစ္စ စောင့်ရှောက်ရသော ဝန်ထုပ်ဝန်ပိုးများကို လျှော့ချပေးခြင်းမှအစ၊ တားမြစ်သည့် ဓလေ့ထုံးတမ်းများကို ဖြေလျှော့ပေးခြင်းနှင့်၊ အမျိုးသမီးငယ်များ ပညာရေးနှင့် လုပ်ငန်းခွင်တွင် ဆက်လက်ရှိနေစေရန်အတွက် အားပေးခြင်းတို့ပါ လုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ လူငယ်များ ဦးဆောင်သည့် စွန့်ဦးတီထွင်လုပ်ငန်းနှင့် အသေးစားစီးပွားရေး လုပ်ငန်းများကို အထောက်အပံ့ပေးခြင်းများလည်းလိုအပ်ပြီး၊ ၎င်းသည် အထူးအဖြင့် ထိလွယ်ရှလွယ်နှင့် ပဋိပက္ခဒဏ်ခံရသော ဒေသများအတွက် အသက်သွေးကြော လိုအပ်ချက် တစ်ခုပင် ဖြစ်ကြောင်း UNDP က ထောက်ပြသည်။

“မြန်မာ့လူငယ်များအတွက် ရင်းနှီးမြှုပ်နှံခြင်းသည် နိုင်ငံ၏ အနာဂတ်ခံနိုင်ရည်ရှိမှုနှင့် ပြန်လည် ထူထောင်ရေးအတွက် မဟာ

ဗျူဟာမြောက် ရင်းနှီးမြှုပ်နှံခြင်းပင်ဖြစ်သည်။ “ဤကိစ္စသည် အလုပ်အကိုင်နှင့် ပညာရေးလိုအပ်ချက်များထက် ပိုမိုနက်ရှိုင်းပြီး၊ ၎င်းသည် မျိုးဆက်တစ်ခုလုံး၏ အနာဂတ်စွမ်းရည်များနှင့် အိပ်မက်များပင် ဖြစ်သည်။” ဟု ဟု Wignaraja က ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article