ရန်ကုန်၊ အောက်တိုဘာ ၂
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်နှင့် ရေစကြိုမြို့နယ်အစပ်တွင် အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး မီးရှို့နေ၍ ကျေးရွာ ၁၀ ရွာကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၂၀ ရက်နေ့မှ စတင်ပြီး ပခုက္ကူမြို့ပေါ်မှာ ထွက်လာသော အင်အား ရာနှင့်ချီ ပါဝင်သော စစ်ကြောင်းသည် ပခုက္ကူမြို့နယ်နှင့် ရေစကြိုမြို့နယ် အစပ်ကို စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး စစ်ဘေးရှောင် ပြည်သူများ နေထိုင်သော တဲများကို ဆက်တိုက် မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။
ထိုစစ်ကြောင်းသည် မြို့နယ် အစပ်ရှိ ကျေးရွာများကို ဆက်တိုက် စီးနင်းနေခြင်းကြောင့် ကျေးရွာ ၁၀ ရွာကျော်မှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရှိရသည်။
“အဲ့ဒီ စစ်ခွေး စစ်ကြောင်းက ပခုက္ကူမြို့ကနေ ထွက်လာတာပါ။ အခုထိလည်း ပခုက္ကူ-ရေစကြို မြိုင်နယ် အစပ် တဝိုက်ကို စစ်ကြောင်းထိုးနေတုန်းပဲ ၁၀ ရက်ကျော်နေပြီး ပြည်သူတွေလည်း နေ့စဉ်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်။ ရွာပေါင်း ၁၀ ရွာကျော်ပါတယ်။ ပြည်သူဦးရေကတော့ ထောင်နဲ့ချီပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
လက်ရှိချိန်တွင် စစ်ဘေးရှောင်ပြည်သူများသည် မိုးထဲရေထဲ နေ့စဉ် တိမ်းရှောင်နေရပြီး ရက်ကြာမြင့်လာသောကြောင့် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အမိုးအကာများ အရေးပေါ်လိုအပ်နေခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ စက်တင်ဘာလ ၂၈ ရက်နေ့မှ စတင်ပြီး ပခုက္ကူမြို့နယ် အနောက်ခြမ်းကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်ကလည်း ရေမျက်ရွာနှင့် ပြည့်အိုင်ရွာတို့ကို ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ်များကို ဝင်ရောက် မွှေနှောက်ကာ တန်ဖိုးကြီး ပစ္စည်းများကို ယူဆောင်ပြီး ကျေးရွာနေ ပြည်သူ ၂ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
















