ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် ခလရ ၂၆၉ တပ်ရင်းမှ တပ်ကြပ် ၁ ဦးနှင့် စစ်မှုထမ်းတပ်သားသစ် ၁ ဦးက သေနတ် ၂ လက် ယူ ဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း PDF Zoland က သတင်းထုတ်ပြန်ထားသည်။
ယမန်နေ့ အောက်တိုဘာလ ၁ ရက်နေ့ တီးတိန်မြို့ရှိ ခလရ ၂၆၉ တပ်ရင်းမှ တပ်ကြပ် ညီညီရွှေ နှင့် စစ်မှုထမ်းတပ်သားသစ် ခိုင်ချိုထူးတို့က လက်နက်ခဲယမ်းများ ယူဆောင်လာပြီး PDF Zoland ထံသို့ အလင်းဝင်ရောက်ခဲ့ကြောင်း၊ တီးတိန်မြို့ပေါ်ရှိ စစ်တပ်ကုန်းတွင် ကျန်ရှိနေသော တပ်ရင်းမှူးနှင့် တကွ လက်အောက်ခံ တပ်သားများ အားလုံး အချိန်မီအလင်းဝင်ရောက်ကြရန် PDF Zoland က ဖိတ်ခေါ်ထားသည်။
အလားတူ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင်လည်း ခလရ-၂၆၅ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း KNU – Mergui-Tavoy District က သတင်းထုတ်ပြန်သည်။
အောက်တိုဘာလ ၁ ရက်နေ့တွင် ပုလောမြို့နယ်ရှိ ခလရ-၂၆၅ တပ်ရင်း မှ စစ်မှုထမ်း တပ်သားသစ် ၁ ဦးသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A တပ်မဟာ၄ ၊ K.N.D.O တပ်ရင်း ၇၊ တပ်ခွဲ ၃ ထံသို့ MA-1 သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အလင်းဝင်ရောက်လာသော စစ်မှုထမ်း တပ်သားသစ် ၁ ဦးသည် အကြမ်းဖက် စစ်တပ် တပ်မှ အတင်းအဓမ္မ ပြည်သူ့စစ်မှုထမ်း အဖြစ် စုဆောင်းခံခဲ့ရပြီး ရှေ့တန်းသို့ ပို့ဆောင်ခံရသည့် အချိန်တွင် ထွက်ပြေးကာ ကရင်အမျိုးသားကာကွယ်ရေးတပ် K.N.D.O တပ်ရင်း ၇ ၊ တပ်ခွဲ ၃ ထံသို့ အလင်း ဝင်ဘက်ပြောင်းခိုလှုံခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်တွင် အကြောင်းအမျိုးမျိုးကြောင့် မတရားစစ်မှုထမ်း ခိုင်းစေခံရသည့် စစ်မှုထမ်း တပ်သားများအနေဖြင့် နီးစပ်ရာ တော်လှန် ရေးတပ်များထံသို့ ရရာနည်းဖြင့် လက်နက်ချ အလင်းဝင်ပူးပေါင်းကြပါရန် KNU -ကရင်အမျိုးသားအစည်းအရုံးက အသိပေးပြောဆိုထားသည်။
ထို့အတူ မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင်လည်း စက်တင်ဘာလ ၂၃ ရက်နေ့ အမှတ် ၁၁ ရဲတပ်ရင်း(တောင်ငူ)မှ ရဲတပ်သား ကျော်ခိုင်သည် BA94 (MA-13) ၁ လက်၊ ကျည်ဘောက် ၄ ခု၊ ကျည် ၃၈၀ တောင့်နှင့်အတူ ဘက်ပြောင်းခိုလှုံလာကြောင်း၊ အဆိုပါ ရဲတပ်သားကို ငွေကျပ် သိန်း ၅၀ ပေးအပ်ချီးမြှင့်ပြီး အလင်းဝင်လာသော ရဲတပ်သား ကျော်ခိုင်ကို ကောင်းမွန်စွာ လက်ခံ စောင့်ရှောက်ထားကြောင်း ၊ စစ်တပ်ဘက်မှ တပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူ့ရင်ခွင်သို့ ဘက်ပြောင်းခိုလှုံလိုပါက ဆက်သွယ်နိုင်ကြောင်း သရက်ခရိုင်အမှတ် ၃ တပ်ရင်း၊ ငါးပြေမပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar



