မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်က ဆိုင်ကယ် ၂ ယောက်စီးသူများကို လိုက်လံ ပစ်ခတ်ရာ အသက် ၃၂ အရွယ် ကိုဖြိုး ကျည်ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း Yesagyo Township Info Committee မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၁ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ရေစကြိုမြို့နယ်ရှိ ရုံးပေါင်းစုံအတွင်းမှ Alphard ကား ၁ စီးဖြင့် ကင်းလှည့်ရန် ထွက်လာသော စစ်သားများသည် အမှတ် ၈ အောင်မဂ်လာရပ်ကွက်တွင် ဆိုင်ကယ် ၂ ယောက်စီးလာသည့် ပြည်သူများကို လိုက်လံ ပစ်ခတ်ခဲ့ရာ ဆိုင်ကယ်စီးပြင်နေသည့် အသက် ၃၂ အရွယ် ကိုဖြိုးကို ကျည်ထိမှန်ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က ကိုဖြိုး၏ ရုပ်အလောင်းကို Alphard ကားပေါ်တင်၍ ယူဆောင်သွားကြောင်း၊ မိသားစုဝင်များက ရုပ်အလောင်း ပြန်လည်ရရှိရန် သွားရောက် ထုတ်ယူခဲ့သော်လည်း စစ်တပ်က ချက်ချင်းပေးဆောင်ခြင်းမရှိဘဲ “ဆိုင်ကယ်သုံးယောက်ပူးစီး၍ ပစ်ရသည်မှာ မှန်ကန်ကြောင်း” လက်မှတ်ထိုးခိုင်းပြီးမှ ယနေ့ အောက်တိုဘာလ ၃ ရက်နေ့ နံနက်ပိုင်းတွင် ရေစကြိုဆေးရုံ ရင်ခွဲရုံမှ အလောင်းထုတ်ပေးခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးတွေက ခရီးသည် လာခေါ်တဲ့ ဆိုင်ကယ်စီး ပြည်သူတွေဖြစ်မှန်း သိလျက်နှင့် အတွဲလိုက် ပစ်ခတ်ခဲ့တာပါ။ ဆိုင်ကယ်သမားမမှန်ဘဲ ကိုဖြိုး ကို ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးသွားတာ” ဟု Yesagyo Township Info Committee မှ တာဝန်ရှိသူက ပြောဆိုသည်။
သေဆုံးသွားသော ကိုဖြိုးသည် ရေစကြိုမြို့ အမှတ် ၁ ထင်းတန်းရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး မိန်းမဖြစ်သူနှင့် လူမမယ် သားသမီး၂ ဦးကျန်ရစ်ခဲ့ကြောင်း၊ ကိုဖြိုး၏ ရုပ်အလောင်းကို ယနေ့တွင် ၎င်း၏ဇနီးဖြစ်သူနေထိုင်သော ရွှေချောင်းကျေးရွာတွင် သဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။
အလားတူ ဩဂုတ်လ ၂၆ ရက်နေ့ကလည်း ရေစကြိုမြို့ အမှတ် ၇ ရပ်ကွက်တွင် ကင်းလှည့်လာသော အကြမ်းဖက် စစ်သားများက ဆိုင်ကယ် ဦးထုပ်မဆောင်းသူများကို သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ခဲ့ရာ နေအိမ်တွင် အဝတ်လှမ်းနေသည့် အသက် ၃၉ နှစ်အရွယ် ကိုဇော်ဇော်ဝင်း လည်ပင်းနှင့် ဝမ်းဗိုက်တို့တွင် သေနတ် ၂ ချက် ထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ – ညပိုင်း ပြည်သူ့ဆိုင်ကယ်များကို ဖမ်းဆီးသိမ်းနေသော အကြမ်းဖက် စစ်တပ်နှင့်ရဲများ။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
