ရန်ကုန်၊ အောက်တိုဘာ ၃
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကျောက်မဲမြို့ကို စစ်တပ်က သိမ်းယူပြီးနောက် သီပေါမြို့ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲလာသောကြောင့် ဒေသပြည်သူများ စိုးရိမ်မှုများမြင့်တက်ကာ မြို့ခံတချို့ သီပေါမြို့မှ စတင်တိမ်းရှောင်လာကြောင်း သီပေါမြို့အခြေစိုက် ပရဟိတအဖွဲ့ဝင်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၂ ရက်နေ့ ည ၁၀ နာရီ ၁၅ မိနစ်အချိန် စစ်တပ်က သီပေါမြို့သို့ လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချတိုက်ခိုက်ခဲ့သဖြင့် သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာရှိ ကုမုဒြာဟိုတယ်မှ အဆောက်အအုံ ၁ ခု ထိခိုက်ပျက်စီးသွားခဲ့ကြောင်း၊ လတ်တလော ကျောက်မဲကို စစ်တပ်က သိမ်းပိုက်ပြီးနောက် သီပေါမြို့သို့ ထိုးစစ်ဆင်မည်ဆိုသော သတင်းများ ထွက်ပေါ်နေရာ သီပေါဒေသပြည်သူတချို့မှာ စတင် စစ်ဘေးရှောင်နေကြကြောင်း သိရှိရသည်။
“တယ်လီဂရမ်တွေမှာ ကျောက်မဲ သိမ်းပြီးလို့ သီပေါကို သိမ်းမယ်၊ ထိုးစစ်ဆင်မယ်ဆိုပြီး တပ်လော်ဘီတွေ ရေးနေကြတယ်။ မနေ့ညကလည်း လေယာဉ်နဲ့ ဗုံးကျဲသွားတော့ ပြည်သူတွေက အားလုံး စိုးရိမ်နေကြတယ်။ တချို့တော့ စစ်ဘေးစရှောင်နေကြပြီ။ အများကြီးတော့ မရှောင်ကြသေးပေမယ့် စိုးရိမ်သူတွေကတော့ စရှောင်နေကြပြီ။ TNLA ဘက်ကလည်း မြို့အဝင်အထွက် လုံခြုံရေး တင်းကျပ်ထားတာရှိတယ်။ ပြည်သူတချို့လည်း သီပေါကနေ စစ်ဘေးရှောင်ဖို့ ကားအကူအညီတောင်းတာရှိပါတယ်” ဟု သီပေါမြို့အခြေစိုက် ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။
စစ်တပ်က သီပေါမြို့ကို မကြာခဏ ဆိုသလို ဗုံးကျဲတိုက်ခိုက်လေ့ရှိပြီး စက်တင်ဘာလ ၃ ရက်နေ့တွင်လည်း သီပေါမြိုနယ် ဘော်ကြိုကျေးရွာသို့ ဗုံးကျဲချခဲ့သဖြင့် ပြည်သူ ၁ ဦး ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၃ လုံး ထိခိုက်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ ပိုမို တိုးမြှင့်လာမည်စိုးရိမ်သောကြောင့် သီပေါမြို့ခံများမှာ လေကြောင်းအန္တရာယ် အချင်းချင်းသတိပေးရန် ဆော်ဩမှုများရှိနေကြောင်း၊ အထူးသဖြင့် ညအချိန် လေယာဉ်ဖြင့် ဗုံးကျဲလာနိုင်သဖြင့် မြို့မှ ပြည်သူအချင်းချင်း ညကင်းပုံစံမျိုး လုပ်ဆောင်မှုများလည်း ရှိကြောင်း သိရှိရသည်။
“ပြည်သူအချင်းချင်း သတိပေးတာမျိုးနဲ့ ညပိုင်း လေယာဉ်ဗုံးဒဏ်ခံနိုင်မယ့်နေရာတွေ စုပေါင်းရွှေ့တာမျိုးတွေ လုပ်တာမျိုးရှိတယ်။ အများစုကတော့ လေယာဉ်သတင်းအချင်းချင်း သတိပေးတာမျိုးတော့ ညပိုင်းတွေ လုပ်ကြတယ်။ ကိုယ့်အချင်းချင်း ညကင်းသဘောမျိုး လေယာဉ်သတင်း နားစွင့်ပြီး အချင်းချင်း လှမ်းပြောတာမျိုး” ဟု သီပေါမြို့မှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
TNLA ကမူ တအာင်းပြည်အတွင်းသာမက တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲများက တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သောနေရာများတွင် လူဖြင့်သော်လည်းကောင်း၊ လက်နက်ကြီးဖြင့်သော်လည်းကောင်း၊ ဒရုန်းဖြင့်သော်လည်းကောင်း၊ လေကြောင်းဖြင့်သော်လည်း အပြစ်မဲ့ပြည်သူလူထုများအပေါ် စစ်ရာဇဝတ်မှုကျူးလွန်နေလျက်ရှိကြောင်း၊ စက်တင်ဘာလအတွင်း တအာင်းပြည်တွင် စစ်တပ်၏ လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူများ ထိခိုက်သေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
စက်တင်ဘာလအတွင်း စစ်တပ်က လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျောက်မဲမြိုနယ်တွင် ၁၀ ကြိမ်၊ သီပေါမြိုနယ်တွင် ၁ ကြိမ်၊ မိုးကုတ်မြိုနယ်တွင် ၂ ကြိမ်နှင့် မိုင်းလုံမြိုနယ်တွင် ၁ ကြိမ်တို့ဖြင့် အဆိပ့်ငွေ့ဗုံးအပါအ၀င် ဗုံး ၅၀ လုံး လာရောက်ဗုံးကျဲချတိုက်ခိုက်ခဲ့သောကြောင့် အမျိုးသား ၃ ဦးသေဆုံးပြီး ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
စစ်ကောင်စီတပ်က ပြီးခဲ့သည့် သြဂုတ်အတွင်း ကျောက်မဲ၊ မိုးကုတ်၊ မိုင်းငေါ့၊ သီပေါနှင့် မိုင်းလုံမြိုနယ်တိုတွင် စစ်ကောင်စီတပ်မှ လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းတိုဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် သံဃာတော်၊ သီလရှင်၊ ကလေးငယ်အပါအဝင် ပြည်သူလူထု ၄၆ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar





