စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကြောင်းထိုးခဲ့သော အကြမ်းဖက် စစ်တပ်က တနယ်ရွာမှ နေအိမ် ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးပြီး ခပေါင်းကြိုင်ရွာ စာသင်ကျောင်းကိုလည်း လေယာဉ်ဖြင့် ဗုံးကျဲဖျက်ဆီးခဲ့ကြောင်း တန့်ဆည်မြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၁ ရက်နေ့တွင် တန့်ဆည်မြို့နယ်နှင့် ရေဦးမြို့နယ် အစပ်ကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်က တန့်ဆည်မြို့နယ်အတွင်းရှိ တနယ်ရွာကို ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ် ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်တပ် စစ်ကြောင်းသည် ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကိုလည်း ဝင်ရောက် မွှေနှောက်ခဲ့ပြီး ဆန်များကို တန့်ဆည်မြို့အတွင်းသို့ ရိက္ခာအဖြစ် ယူဆောင်သွားကြောင်း သိရှိရသည်။
ယင်းစစ်ကြောင်း တနယ်ရွာတွင် ရောက်ရှိနေစဉ် အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းကလည်း စစ်တပ်က ခပေါင်းကြိုင်ရွာ စာသင်ကျောင်းကို ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံးကျဲ ဖျက်ဆီးခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိသော်လည်း အဆောက်အဦးများ ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
“ပြည်သူတွေတော့ ဖမ်းဆီးခံရတာ ထိခိုက်တာတွေတော့မရှိပါဘူး။ စစ်ခွေးစစ်ကြောင်းက တနယ်ရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၂၀ ကျော်ကို မီးရှို့ ဖျက်ဆီးသွားတယ်။ နောက်ပြီး စစ်ခွေးတွေက တံတားဦးကနေ တက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီးနဲ့ ခပေါင်းကြိုင်ရွာ စာသင်းကျောင်းကိုလည်း ဗုံးကျဲ ဖျက်ဆီးသွားတယ်” ဟု တန့်ဆည်မြို့နယ် ပကဖ မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် တန့်ဆည်-ရေဦးမြို့နယ်အစပ်တွင်မှ ယနေ့ အောက်တိုဘာလ ၃ ရက်နေ့တွင် ကန့်ဘလူနမြို့နယ် အတွင်းသို့ ဆက်လက် ထွက်ခွာသွားကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar





