28.9 C
Yangon

လွှတ်တော်အမတ်လောင်းများ၏ လုံခြုံရေးနှင့် မဲရုံများ ကင်းစောင့်ရန်အတွက် ပျူစောထီးများ၊ ပြည်သူ့စစ်များနှင့် ပလဖများကို ရွေးကောက်ပွဲဆိုင်ရာ ရဲများအဖြစ် စစ်တပ်က အသုံးပြုမည်

Must read

ရန်ကုန်၊ အောက်တိုဘာ ၆

အကြမ်းဖက်စစ်တပ်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ပြုလုပ်မည့် မဲရုံများလုံခြုံရေးနှင့် အမတ်လောင်းများ၏ လုံခြုံရေးအတွက် ပျူစောထီးများ၊ ပြည်သူ့စစ်များနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များကို ရွေးကောက်ပွဲဆိုင်ရာ ရဲများအဖြစ် စစ်တပ်က အသုံးပြုမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် လုံခြုံရေး ကိစ္စရပ်များကို ပြည်ထဲရေးဝန်ကြီးဌာနက အဓိက တာဝန်ယူပြီး ရဲတပ်ဖွဲ့က လုံခြုံရေးအပိုင်းကို ဦးဆောင်အဖွဲ့အဖြစ် တာဝန်ယူမည်ဖြစ်ကြောင်း၊ စစ်တပ်က နယ်မြေတစ်ခုလုံး အတိုင်းအတာဖြင့် လုံခြုံရေးကို တာဝန်ယူပြီးနိုင်ငံရေးပါတီများ၊ မဲရုံများနှင့် ကိုယ်စားလှယ်လောင်းများ၏ လုံခြုံရေးအတွက် အသေးစိတ် တာဝန်ယူရမှုများကို ရဲတပ်ဖွဲ့က တာဝန်ယူမည်ဖြစ်ကြောင်း၊ ထိုသို့ တာဝန်ယူရာတွင် မြို့နယ်ရဲတပ်ဖွဲ့ဝင်အရေအတွက်မှာ ရွေးကောက်ပွဲအတိုင်းအတာတစ်ခုလုံးအတွက် ခြုံငုံမမိနိုင်ဘဲ နည်းပါးလွန်းသည့်အတွက် ပျူစောထီးများ၊ ပြည်သူ့စစ်များနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များကို ရွေးကောက်ပွဲရဲများအဖြစ် အသွင်ပြောင်း အသုံးပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။

“ရွေးကောက်ပွဲကာလ မဲဆွယ်စည်းရုံးရေးနဲ့ ရွေးကောက်ပွဲကျင်းပတဲ့ကာလအထိ ပြည်သူ့စစ်အဖွဲ့တွေနဲ့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်မှုနှိမ်နင်းရေး အဖွဲ့တွေက ရွေးကောက်ပွဲ ရဲတပ်ဖွဲ့ဝင်တွေအဖြစ် ဆောင်ရွက်သွားဖို့ ဆုံးဖြတ်ချက် ကျသွားပြီ။ တပ်ကတော့ နယ်မြေတစ်ခုလုံးကို ခြုံငုံပြီး လုံခြုံရေး ယူမယ်။ ရဲကတော့ အသေးစိတ် မဲရုံ၊ ကိုယ်စားလှယ်လောင်းတွေအတွက်အဲဒီလိုမျိုး လုံခြုံရေးယူမယ်။ ရွေးကောက်ပွဲတစ်ခုလုံး လုံခြုံရေးကို ပြည်ထဲရေးဝန်ကြီးဌာနက အဓိက တာဝန်ယူမယ်” ဟု ပြည်ထဲရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ပြည်ထဲရေးဝန်ကြီးဌာနက နိုင်ငံရေးပါတီများ၏ မဲဆွယ်စည်းရုံးသည့်ကာလ လုံခြုံရေးအတွက် ယခုရက်ပိုင်းအတွင်း နိုင်ငံရေးပါတီများသို့ တရားဝင် စတင်ဆက်သွယ်နေပြီး လုံခြုံရေးယူပေးရန် ညှိနှိုင်းမှုများ စတင်ဆောင်ရွက်တော့မည်ဖြစ်ကြောင်း သိရှိရသည်။

“မြို့နယ်ရဲတပ်ဖွဲ့က တော့ မြို့နယ်ပါတီရုံးတွေကို ဆက်သွယ်လာတယ်။ လုံခြုံရေးယူပေးဖို့ ကိစ္စ ညှိနှိုင်းဖို့ခေါ်လာတယ်”ဟု ရန်ကုန်တိုင်းကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ပြောဆိုသည်။

ရဲတပ်ဖွဲ့က လုံခြုံရေးယူပေးမည်ဖြစ်သော်လည်း တစ်ဖက်တွင်လည်း နိုင်ငံရေးပါတီများ၏ စည်းရုံးမှုများသည် စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင်က ချမှတ်ထားသော စည်းကမ်းများနှင့် ညီ၊ မညီ စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာလ ၂၅ ရက်နေ့တွင် နိုင်ငံရေးပါတီများအတွက် မဲဆွယ်စည်းရုံးရာတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း ၉ ချက်ကို ထုတ်ပြန်ခဲ့သည်။

နိုင်ငံရေးပါတီများအနေဖြင့် မဲဆွယ်စည်းရုံးဟောပြောတင်ပြရာတွင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး နှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ထိခိုက်စေသည့် ဟောပြောမှုများ မပြုလုပ်ရန်၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းသာယာရေးကို ထိခိုက်စေသည့် ဟောပြောမှုများ မပြုလုပ်ရန်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲ ဥပဒေများကို လေးစားလိုက်နာမှုမရှိသော ဟောပြောမှုများ မပြုလုပ်ရန်၊ နိုင်ငံတော်အား အကြည်ညိုပျက်စေရန် သို့မဟုတ် ဂုဏ်သိက္ခာထိပါးစေရန်ဟောပြောမှုများ မပြုလုပ်ရန် တို့ကို စစ်တပ်က တားမြစ်ထားသည်။

ထို့ပြင် စစ်တပ်ပြိုကွဲရေး ဖြစ်ပေါ်စေရန် သို့မဟုတ် စစ်တပ်၏ ဂုဏ်သိက္ခာကို ထိခိုက်စေရန် ဟောပြောခြင်းမပြုလုပ်ရန်၊ လူမျိုးရေး၊ ဘာသာရေး နှင့် လူအများနှင့်ပတ်သက်၍ ပဋိပက္ခဖြစ်ပေါ်စေနိုင်သည့် ၊ သိက္ခာနှင့် ကိုယ်ကျင့်တရား ထိခိုက်စေနိုင်သည့် ဟောပြောမှု ၊ စည်းရုံးလှုံ့ဆော်ခြင်း မပြုလုပ်ရန်၊ ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစား ပြုသော ဟောပြောမှုများ မပြုလုပ်ရန်၊ ပညာသင်ကြားခြင်းကို ထိခိုက်ပျက်ပြားစေရန် သွေးထိုးလှုံ့ဆော် ဟောပြောမှုများ မပြုလုပ်ရန်၊ နိုင်ငံ့ဝန် ထမ်းများ ယင်းတို့၏ တာဝန်ကို ကျေပွန်စွာ မထမ်းဆောင်နိုင်စေရန် သို့မဟုတ် အစိုးရကို ဆန့်ကျင် ဆန္ဒပြစေရန် သွေးထိုး လှုံ့ဆော်ဟောပြောမှုများ မပြုလုပ်ရန် တားမြစ်ထားသည်။

ဓာတ်ပုံ – ရန်ကုန်တိုင်းမှ စစ်တပ် လက်ကိုင်တုတ် ပျူစောထီးနှင့်လူမိုက်တချို့။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရန်ကုန်တိုင်းမှ စစ်တပ် လက်ကိုင်တုတ် ပျူစောထီးနှင့်လူမိုက်တချို့။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article