ရန်ကုန်၊ အောက်တိုဘာ ၉
အကြမ်းဖက်စစ်တပ်က မတရား ဖမ်းဆီးထားသော ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့် အပါအဝင် NLD အစိုးရခေါင်းဆောင်များမှာ နိုင်ငံရေးအကျဉ်းသားမဟုတ်ဘဲ အကျင့်ပျက်လာဘ်စား၍ ပြစ်ဒဏ်ကျခံရသူများသာဖြစ်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ သက်သက်ခိုင်က ပြောဆိုလိုက်သည်။
အောက်တိုဘာလ ၃ ရက်နေ့ ရန်ကုန်မြို့တွင် ပြုလုပ်သော ပြည်သူ့ရှေ့ဆောင်ပါတီ၏ သတင်းစာရှင်းလင်းပွဲတွင် သက်သက်ခိုင်က ထိုကဲ့သို့ ပြောဆိုလာခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် သဘာ၀ဘေးကာကွယ်ရေး ရန်ပုံငွေကို ရဟတ်ယာဉ် ဝယ်စီးခဲ့သူဖြစ်ကြောင်း၊ နိုင်ငံ့ရန်ပုံငွေများကို စိစစ်မှုမရှိဘဲ အလေအလွင့်များပြီး ဗုံးပေါလအော အသုံးပြုခဲ့သူဖြစ်ကြောင်း သက်သက်ခိုင်က ပြောဆိုသည်။
“ကျမ သိရသလောက်ပေါ့နော်။ ဒါက Public information လည်း ဖြစ်ပါတယ်ရှင့်။ ဆိုလို့ရှိရင် နိုင်ငံရေးအကျဉ်းသားလို့ နိုင်ငံတကာက သတ်မှတ်တာ ရှိပါတယ်။ သို့သော်လည်း တကယ်တမ်းပုဒ်မတွေက နိုင်ငံရေးပုဒ်မတွေ မဟုတ်ပါဘူးရှင့်။ အစိုးရတစ်ရပ်ဖြစ်ဖူးတဲ့အချိန်မှာ အကျင့်ပျက်လာဘ်စားမှုလိုမျိုး ပုဒ်မတွေနဲ့ တရားစွဲခံထားရပြီး ပြစ်ဒဏ်ကျခံနေရတာ ဖြစ်ပါတယ်ရှင့်။ ဘာဖြစ်လို့ အဲဒါကို ပြောနိုင်သလဲဆိုရင် ဒါကတော့ အများစိတ်ဝင်စားတဲ့ ကိစ္စဖြစ်ပါတယ်။ လူတိုင်းလည်း သိပါတယ်။ ဘယ်ပုဂ္ဂိုလ်ကတော့ ပုဒ်မတွေနဲ့ ထောင်ဒဏ်ဘယ်လောက်ကျတယ်ဆိုတာ။ အဲဒါအရေးကြီးပါတယ်ရှင့်။ နိုင်ငံတကာကတော့ နိုင်ငံရေးအကျဉ်းသားလို နာမည်တပ်တာပေါ့နော်။ နိုင်ငံရေးအကျဉ်းသား မဟုတ်ပါဘူး။ အကျင့်ပျက်လာဘ်စားမှု ပုဒ်မတွေနဲ့ စွဲခံရပြီးတော့ တကယ်လည်း စစ်ဆေးပေါ်ပေါက်လို့ တကယ် ပြစ်ဒဏ်ကျခံရတာ ဖြစ်ပါတယ်ရှင့်” ဟု သက်သက်ခိုင်က ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသားသဘာ၀ဘေးရန်ပုံငွေများကို အလေအလွင့်ဖြစ်စေရာတွင် စီမံခန့်ခွဲရန် တာဝန်ရှိသည့်အတွက် ပြစ်ဒဏ်ချ တရားစွဲခံရခြင်းဖြစ်သည်ဟု သက်သက်ခိုင်က ပြောဆိုသည်။
“ဝန်ကြီးဌာနတွေကို ချထားတဲ့ ဘတ်ဂျက်တွေ အကုန်လုံးရဲ့ ၊ ဝန်ကြီးဌာနတိုင်းရဲ့ ဘတ်ဂျက်ရဲ့ ၁၀ ရာခိုင်နှုန်း ကို ပြန်နုတ်လိုက်ပြီးတော့ အဲဒီ ၁၀ ရာခိုင်နှုန်း ကို အမျိုးသား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ရန်ပုံငွေထဲ ထည့်လိုက်တာပေါ့နော်။ ထည့်လိုက်ပြီးတော့မှ ကိုဗစ်ရန်ပုံငွေဆိုပြီး ထရီလီယံနဲ့ချီပြီး ရှိပါတယ်ရှင့်။ ရှိတဲ့အခါကျတော့ ဒီငွေတွေက ပိုနေတဲ့ အခါကျတော့ တကယ် တမ်းတော့ လုပ်ရမှာက သဘာဝဘေးလျော့ပါးရေးဆိုတာမှာ လမ်းတွေဆိုလည်း ရာသီဥတုဒဏ်ခံနိုင်အောင် ၊ အဆောက်အအုံတွေ ငလျင်ဒဏ်ခံနိုင်အောင်၊ ရာသီဥတုဒဏ်ခံနိုင်အောင် ၊ မုန်တိုင်းဒဏ် ခံနိုင်အောင် ၊ သဘာဝဘေးဒဏ်ခံနိုင်အောင် အဲဒါတွေ ဆောက်ကြရမှာ ဖြစ်ပါတယ်။ သို့သော်လည်း အဲဒီရန်ပုံငွေတွေကို ဆုံးဖြတ်ချက် ချခဲ့ကြတဲ့ လူတွေက ထားပါတော့ ဟက်စကီး ဝယ်တယ်တို့၊ ပြီးလို့ရှိရင် တခြား သူ့ ခေါင်းစဉ်နဲ့ မကိုက်ဘဲ အသုံးပြုခဲ့တာတွေ၊ မလိုအပ်တဲ့ အလေ အလွင့်တွေ စစ်ဆေးပေါ်ပေါက်ပါတယ်ရှင့်။ စစ်ဆေးပေါ်ပေါက်ပြီးတော့ နောက်ဆုံးတော့ ဒီ ဟက်စကီး စီးဖို့က အန်တီ ဒေါ်အောင်ဆန်းစုကြည် စီးဖို့ပေါ့၊ နိုင်ငံတော်ပိုင် ရဟတ်ယာဉ်ဆိုပြီး ဝယ်တာ ဖြစ်ပါတယ်။ သို့သော်လည်း တကယ် ဝယ်တဲ့ လူတွေ ရောင်းတဲ့ ဝယ်တဲ့ အချိန်မှာ Transaction လုပ်တဲ့ အချိန်မှာ အလေအလွင့်တွေ များပြီးတော့မှ စစ်ဆေးပေါ်ပေါက်တာတွေ အများကြီး ရှိပါတယ်ရှင့်။ အဲဒါကို နောက်ဆုံးဘယ်သူက တာဝန်ခံရသလဲဆိုတော့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က တာဝန်ခံရတာပေါ့နော်” ဟု သက်သက်ခိုင်က ပြောဆိုသည်။
NLD အစိုးရလက်ထက်တွင် နိုင်ငံတကာအကူအညီ ရန်ပုံငွေ အများအပြားရရှိခဲ့ပြီး ဘဏ္ဍာရေးစည်းမျဉ်းများနှင့်မကိုက်ညီဘဲ သုံးစွဲခဲ့ကြောင်း သူက ဆက်ပြောသည်။
“NLD ခေတ်တုန်းကတော့ ဒီရန်ပုံငွေက ပိုလျှံပြီးတော့ ကိုဗစ်လည်း ဖြစ်တယ်။ အဲဒီအချိန်မှာ ကိုဗစ်ကြောင့်မို့လို့ နိုင်ငံတကာ အကူအညီတွေ ရတာလည်း ရှိပါတယ်။ ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်ကတော့ FDI တွေလည်း လာတယ်။ နောက် ODA ၊ Official Development Assistant တွေ ဖွံ့ဖြိုးမှုအတွက် တရားဝင်ပေးတဲ့ အကူ အညီတွေ ဒါတွေ အများကြီးရတယ်။ ပြီးလို့ ရှိရင် Technical Assistant တွေလည်း အများကြီးရတယ်။ ရတဲ့အချိန်မှာ ငွေတွေက ဗုံးပေါလအော ဖြစ်တဲ့ သဘောဖြစ်ပါတယ်။ ဖြစ်ပြီးတော့ သုံးစွဲတာတွေမှာ နည်းနည်း စိစိစစ်စစ်နဲ့ ဘဏ္ဍာရေးစည်းမျည်းနဲ့ မကိုက်ညီဘဲနဲ့ သုံးစွဲတာတွေ ဒါတွေကို တာဝန်ခံရတာတွေ ရှိပါတယ်” ဟု သက်သက်ခိုင်က ပြောဆိုသည်။
သက်သက်ခိုင်သည် ၂၀၁၅ ခုနှစ်တွင် NLD ပါတီ၏ ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် NLD ပါတီမှ နုတ်ထွက်ခဲ့သူဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် ပြည်သူ့ရှေ့ဆောင်ပါတီ ထူထောင်ခဲ့ ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် သက်သက်ခိုင်၏ ပြည်သူ့ရှေ့ဆောင်ပါတီမှာ အမတ်နေရာ တစ်ခုမှ အနိုင်မရရှိဘဲ ခွက်ခွက်လန်အောင် ရှုံးနိမ်ခဲ့သည်။
သက်သက်ခိုင်မှာ ၂၀၂၁ အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဖြစ်လာခဲ့ပြီး ၂၀၂၃ ဩဂုတ် ၃ရက်တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် ပြောင်းလဲခန့်အပ် ခံရကာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ ဝန်ကြီးရာထူးတာဝန်များမှ အနားပေးခံခဲ့ရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
