ရန်ကုန်၊ အောက်တိုဘာ ၁၀
ရန်ကုန်-ဒလတံတား နောက်ဆုံးအဆင့်အခြေအနေကို အကြမ်းဖက် မင်းအောင်လှိုင်က လာရောက်ကြည့်ရှုမည်ဖြစ်၍ ရန်ကုန်-ဒလ မြစ်ကူး သမ္ဗာန်ဆိပ်များအားလုံးကို စစ်တပ်က ပိတ်ပင်လိုက်ပြီး မြစ်အတွင်း စစ်သင်္ဘောများ ကင်းလှည့်နေကြောင်း ဒေသပြည်သူများနှင့် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
ယမန်နေ့ အောက်တိုဘာလ ၉ ရက်နေ့ ည ၈ နာရီကတည်းက ရန်ကုန်-ဒလ မြစ်ကူး သမ္ဗာန်ဆိပ်များအားလုံးကို စစ်တပ်က ပိတ်ပင်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြစ်အတွင်းတွင်လည်း စစ်သင်္ဘောတချို့ကို ကင်းလှည့် ချထားခဲ့ကြောင်း၊ ဒလမြို့ပေါ်နှင့် မြို့နယ်အတွင်းတွင်လည်း စစ်တပ်က တပ်စွဲခဲ့ပြီး ကင်းလှည့်ခဲ့ပြီး ရန်ကုန်မြို့ ဆိပ်ကမ်းဘက်အခြမ်းတွင် စစ်ကားငယ်တချို့ဖြင့် လှည့်လည် ကင်းလှည့်မှုများကို ယမန်နေ့ကတည်းက လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
“ဒလ-ရန်ကုန် သမ္ဗာန်တွေနဲ့ သမ္ဗာန်ဆိပ်တွေအားလုံးက မနေ့ည ၈ နာရီကတည်းက ပိတ်ထားတယ်။သူတို့ ပြေးဆွဲပေးနေတဲ့ ရန်ကုန်-ဒလ မြစ်ကူးသင်္ဘောတော့ ကူးပေးနေတယ်။ ဒါပေမယ့် လူကြီးလာရင် မြစ်ကူးသင်္ဘောလည်း ခဏရပ်ထားမယ်ပြောတယ်။ မြစ်ထဲမှာတော့ စစ်သင်္ဘောတွေ တွေ့တယ်။ ရန်ကုန်ဆိပ်ကမ်းဘက်မှာလည်း စစ်သားတွေ တော်တော်များများ ချထားတယ်။ ဒလတံတားကို ဟိုလူ( မင်းအောင်လှိုင်) လာကြည့်မှာလို့ ပြောတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် ယမန်နေ့ညကတည်းက လုံခြုံရေးအရ လှေဆိပ်များနှင့် လမ်းများ ပိတ်ပင်ထားမှုကို စစ်တပ်က ပြန်လည် ဖွင့်ပေးလိုက်ကြောင်း ရန်ကုန်မြို့ခံများက ပြောဆိုကြသည်။
စစ်ဘက်သတင်းရင်းမြစ်ကလည်း ရန်ကုန်-ဒလတံတားကို မင်းအောင်လှိုင် သွားရောက်ရန် စက်တင်ဘာလအတွင်းကတည်း က စီစဉ်ထားခြင်းဖြစ်သော်လည်း ရုရှားခရီးစဉ် အပါအဝင် အခြားကိစ္စများကြောင့် ခရီးစဉ်ရွှေ့ဆိုင်းခဲ့ကြောင်း၊ ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့တွင် မင်းအောင်လှိုင် ဒလတံတားသို့ သွားရောက်ဖွယ်ရှိကြောင်း ပြောဆိုသည်။
“ဒလတံတားကို တပ်ချုပ်သွားဖို့ စီစဉ်ထားတာ စက်တင်ဘာကတည်းက ။ ဒီနေ့ သွားချင်သွားနိုင်ပါတယ်။ တံတားက နောက်ဆုံးအဆင့်ဖြစ်နေပြီ။ ဒီဇင်ဘာမှာ သို့မဟုတ် ဇန်နဝါရီမှာ ဖွင့်ဖို့ တွန်းလုပ်နေတယ်” ဟု စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
ရန်ကုန်-ဒလ တံတားမှာ သံမဏိကြိုးဆိုင်း လေးလမ်းသွား တံတားကြီးဖြစ်ပြီး ပင်မတံတားအရှည် ၁၉၃၆ပေ နှင့် တံတားအရှည် စုစုပေါင်း ၆၁၄၃ပေ ရှိကြောင်း၊ တန်ချိန် ၁၅၀၀၀ခန့်ရှိ သင်္ဘောကြီးများ ရေလမ်းကင်း လွတ်စွာ သွားလာနိုင်ရန် အမြင့်ပေ ၁၆၀ ခန့် နှင့် ရေလမ်းကင်းလွတ် အကျယ် ၅၂၅ပေ ထားရှိ ဆောက်လုပ်သွား မည်ဖြစ်ကာ ယာဉ်တစ်စင်းချင်း ခံနိုင်ဝန်အားဖြင့် ၇၅ တန်ထိ ဖြစ်ကြောင်း၊ ကိုရီးယား-မြန်မာ ချစ်ကြည်ရေး(ဒလ)တံတားကို ကိုရီးယားနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးရေးရန်ပုံငွေ (EDCFI Loan) ချေးငွေ အမေရိကန်ဒေါ်လာ ၁၃၇ ဒဿမ ၈၃၃ သန်း၊ ပြည်တွင်းရန်ပုံငွေ ၃၀ ဒဿမ ၃၄၁ သန်း စုစုပေါင်းကုန်ကျငွေ အမေရိကန်ဒေါ်လာ ၁၆၈ ဒဿမ ၁၇၄သန်း ကုန်ကျမည်ဖြစ်ပြီး၊ ကိုရီးယား ထုတ်ကုန်သွင်းကုန်ဘဏ်နှင့် မြန်မာနိုင်ငံဆောက်လုပ်ရေးဝန်ကြီးဌာန တို့မှ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့ က ချေးငွေဆိုင်ရာ သဘောတူ စာချုပ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ဒလတံတားတည်ဆောက်ရေး အသေးစိတ်ဒီဇိုင်းကို ကိုရီးယားသမ္မတ နိုင်ငံ Soosoog Co.Ltd က ရေးဆွဲခဲ့ပြီး ကိုရီးယားပညာရှင်များပါဝင်သော ကိုရီးယား GS Engineering Group က အဓိက တာ၀န်ယူတည် ဆောက်နေခြင်း ဖြစ်သည်။
ရန်ကုန်-ဒလတံတား ဖွင့်လှစ်ပြီးစီးပါက ရန်ကုန်မြို့မှ ဒလ၊ တွံ့တေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များ၊ ဒေးဒရဲတံတားမှ
တစ်ဆင့် ကမ်းခြေဒေသများနှင့် ဧရာဝတီတိုင်းတစ်ခုလုံးသို့ လွယ်ကူလျင်မြန်စွာ သွားလာနိုင်မည်ဖြစ်သည်
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
