31.2 C
Yangon

ဘိုကလေးမြို့နယ်၊ သကံ၀ကျေးရွာအုပ်ချုပ်ရေးမှူးလင်းနိုင်က စစ်မှုထမ်းကြေးဟုဆိုကာ လစဉ် ငွေကောက်ခံမှုမှ ရရှိသော သိန်း ၇၀၀ နီးပါးကို အလွဲသုံးစားလုပ်မှု တိုင်ကြားစာပေးပို့သော်လည်း အရေးမယူသည့်အပြင် ငွေကောက်ခံမှု ပိုဆိုးလာ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၃

ဧရာ၀တီတိုင်း၊ ဘိုကလေးမြို့နယ်၊ သကံ၀ကျေးရွာအုပ်ချုပ်ရေးမှူးလင်းနိုင်က စစ်မှုထမ်းကြေးဟုဆိုကာ လစဉ် ငွေကောက်ခံမှုမှ ရရှိသော သိန်း ၇၀၀ နီးပါးကို အလွဲသုံးစားလုပ်မှု တိုင်ကြားစာပေးပို့သော်လည်း အရေးမယူသည့်အပြင် ငွေကောက်ခံမှု ပိုဆိုးလာကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဘိုကလေးမြို့နယ်၊ သကံ၀ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေး လင်းနိုင်က ၂၀၂၄ ခုနှစ်၊ မေလမှစတင်၍ စစ်မှုထမ်းကြေးဟုဆိုကော ကျေးရွာပြည်သူများထံမှ လစဉ် ငွေကြေးများ အတင်းအကျပ် ကောက်ခံခဲ့ကြောင်း၊ စတင်ကောက်ခံချိန်က အဆိုပါ စစ်မှုထမ်းကြေးမှာ စစ်မှုထမ်းအဖြစ် သွားရောက်မည့် လူငယ်များကို နစ်နာကြေးနှင့်ထောက်ပံ့ကြေးအဖြစ် ပေးရန်ဖြစ်သည်ဟုဆိုကာ လစဉ်လတိုင်း ကောက်ခံခဲ့ကြောင်း၊ ထိုသို့ လစဉ် ငွေကြေးများ ကောက်ခံခဲ့ရာ ရရှိသော ငွေကြေးပမာဏမှာ ငွေကျပ် သိန်း ၇၀၀ နီးပါး ရရှိလာကြောင်း၊ သို့ရာတွင် အဆိုပါ ငွေကြေးများကို စစ်မှုထမ်းအဖြစ် စေလွှတ်ခံရသော လူငယ်များနှင့် မိသားစုများကို လုံး၀ ပေးအပ်ခြင်းမရှိဘဲ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က သက်ဆိုင်ရာမြို့နယ်အဖွဲ့များထံသို့ လာဘ်ငွေပေးကာ သုံးစွဲ ပျော်ပါးလျက်ရှိကြောင်း၊ ယင်းကိစ္စအတွက် စစ်မှုထမ်းရသည့် လူငယ်များနှင့် မိသားစုများက မကျေနပ်၍ နေပြည်တော်သို့ တိုင်ကြားသော်လည်း မည်သည့်အရေးယူမှုမှ မရှိကြောင်း သိရှိရသည်။

“စစ်မှုထမ်းမယ့် လူငယ်တွေကို နစ်နာကြေးနဲ့ ထောက်ပံ့ကြေးဆိုပြီး ငွေတွေ လတိုင်း ကောက်တာ။ အခုနောက်ဆုံး ငွေကြေးက ပေါင်းကြည့်တော့ သိန်း ၇၀၀ နီးပါး။ တိတိကျကျဆိုရင် ကောက်ခံငွေ ငွေကျပ် ၆၈၉,၄၄,၀၀၀ ရရှိခဲ့ပါတယ်။ ကျေးရွာအုပ်စုထဲမှာ စစ်မှုထမ်းပါသွားတဲ့ လူငယ် ၇ဦးရဲ့ မိသားစုတွေကိုလည်း ထောက်ပံ့ငွေပေးတာလုံး၀မရှိဘူး။ ဘိုကလေးမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ကို သူလာဘ်ထိုးပြီးပေးတယ်။ သူတို့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က သုံးချင်တိုင်းသုံး၊ ပျော်ချင်တိုင်းပျော်။ ညတိုင်း မြို့ပေါ်တက် ချယ်ရီ၀ိုင် KTV မှာ ပျော်ပါးပြီး သူ့အထက်လူကြီးတွေ တရုန်းရုန်းနဲ့ ဖြစ်နေတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ယင်းသို့ ပြည်သူများထံမှ စစ်မှုထမ်းကြေးများ ကောက်ခံပြီး စစ်မှုထမ်းလူငယ်များသို့ ထောက်ပံ့ကြေး မပေးအပ်သည့်အတွက် နေပြည်တော်သို့ စုပေါင်း၍ တိုင်ကြားကြကြောင်း၊ သို့ရာတွင် မည်သည့်အရေးယူမှုမှ မရှိဘဲ ငွေကြေးကောက်ခံမှုမှာ ယခင်ထက်ပင် ပိုမို ဆိုးဝါးလာကြောင်း သိရှိရသည်။

“ပြည်သူ့ငွေတွေကို အလွဲသုံးစားလုပ်နေတာကြောင့် အထက်လူကြီးတွေကို စာပို့တိုင်ကြားခဲ့ပေမယ့် အုပ်ချုပ်ရေးမှုးကို ထိထိရောက်ရောက်အရေးယူခဲ့ခြင်းမရှိဘဲ အုပ်ချုပ်ရေးမှုး လင်းနိုင်အား ခေါ်ယူစစ်ဆေးတာသာလုပ်ခဲ့ပါတယ်။ မတ်လ ၁၆ ရက်နေ့မှာ တိုင်ပါတယ်။ အောက်တိုဘာလ ၁၀ ရက်နေ့မှာ ခေါ်ယူစစ်ဆေးပြီးတော့ ဘာမှ အရေးယူမှု မလုပ်ပါဘူး။ သူ့အထက်က လူကြီးတွေကို ပေးကျွေးထားပြီးတော့ ချယ်ရီဝိုင် KTV မှာ ပြည်သူငွေတွေကို သုံးဖြုန်းနေပါတယ်။ အခုလို အများပြည်သူတွေ စီးပွားရေး ကျပ်တည်းနေချိန်မှာ စစ်မှုထမ်းထောက်ပံငွေဆိုပြီး ခေါင်းစဥ်တပ်ကာ မတရားကောက်ခံပြီး ပြည့်သူ့ငွေကို အလွဲသုံးစားသုံးဖြုန်းနေတာကို တာဝန်သိပြည်သူကတိုင်စာပို့ခဲ့ပေမယ့် အုပ်ချုပ်ရေးမှုး လင်းနိုင်ဟာ အထက်လူကြီးတွေနဲ့ပေါင်းပြီး မဆင်ခြင်တဲ့အပြင် ပိုပြီးဆိုးလာနေတာ​ကို သကံဝဒိုင်နယ်အတွင်းက ပြည်သူတွေမှာလည်း ကြောက်ကြောက်နဲ့ငြိမ်ခံနေရပါတယ်” ဟု ဒေသပြည်သူက ပြောဆိုသည်။

စစ်တပ်က ဘိုကလေးမြို့နယ်အတွင်းတွင် စစ်မှုထမ်း လူငယ်များ ရရှိစေရေးအတွက် ကျေးရွာနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ပေါ်တာဆွဲခွင့်၊ စစ်မှုထမ်းကြေးကောက်ခံခွင့်နှင့် လူငယ်များကို ဖမ်းဆီး ခြိမ်းခြောက်ငွေတောင်းခံခွင့် တရားဝင် ခွင့်ပြုပေးထားသည့်ပုံစံဖြစ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ဆက်သွယ်ပြောဆိုကြသည်။

ဓာတ်ပုံ – ဘိုကလေးမြို့အဝင်တွင် လိုင်းကားများကို စစ်ဆေးနေသည့် အုပ်ချုပ်ရေးမှူးများနှင့်စစ်တပ်မှ အကြမ်းဖက် တပ်ဖွဲ့ဝင်များ

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ဘိုကလေးမြို့အဝင်တွင် လိုင်းကားများကို စစ်ဆေးနေသည့် အုပ်ချုပ်ရေးမှူးများနှင့်စစ်တပ်မှ အကြမ်းဖက် တပ်ဖွဲ့ဝင်များ
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article