28 C
Yangon

စစ်အုပ်စုက မြန်မာပြည်သူများအပေါ် လူမဆန်သော လုပ်ရပ်များ ကျူးလွန်နေမှုမှ ကယ်တင်ပေးရေး မည်သို့ လုပ်ဆောင်နိုင်မည်ကို အကြံပြုကြရန် သံအမတ်ကြီး ဦးကျော်မိုးထွန်း တိုက်တွန်းတောင်းဆို

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၆

အကြမ်းဖက် စစ်အုပ်စုက မြန်မာပြည်သူများအပေါ် လူမဆန်သော လုပ်ရပ်များ ကျူးလွန်နေမှုမှ ကယ်တင်ပေးရေး မည်သို့ လုပ်ဆောင်နိုင်မည်ကို အကြံပြုကြရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တိုက်တွန်းတောင်းဆိုလိုက်သည်။

အောက်တိုဘာလ ၁၅ ရက်နေ့ ၊ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုရေးရာကော်မတီ (တတိယကော်မတီ)တွင် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Mr. Volker Turk နှင့် အပြန်အလှန်ဆွေးနွေးပြောကြားသည့်အစီအစဉ်တွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အထက်ပါအတိုင်း တိုက်တွန်းတောင်းဆိုလိုက်ခြင်းဖြစ်သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် ကူကယ်ရာမဲ့နေသည့် မြန်မာပြည်သူများ၏ အသက်အိုးအိမ်များ အား ကယ်တင်ရန် နှောင့်နှေးကြန့်ကြာတုံ့ဆိုင်းနေသည့်အချိန်တွင် ကုလသမဂ္ဂကော်မတီ၊ နိုင်ငံတကာ အသိုက်အဝန်းနှင့် သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်၊ အဖွဲ့အစည်းများက မြန်မာပြည်သူများနှင့် ၎င်းတို့၏ အနာဂတ်များအပေါ် စစ်အုပ်စု၏ လူမဆန်သောလုပ်ရပ်များထံမှ ကယ်တင်ပေးရန် မည်သို့ လုပ်ဆောင်နိုင်မည်ကို လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးအနေဖြင့် အကြံပြုပေးစေလိုကြောင်း သံအမတ်ကြီးက ပြောဆိုသည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် စိုးရိမ်ရသော လူ့အခွင့်အရေးအခြေအနေများသည် စစ်အုပ်စု၏အကြမ်းဖက်မှုများနှင့် စနစ်တကျ ကျူးလွန်ခွင့်ရရှိနေသည့် ပြစ်ဒဏ်ကင်းလွတ်ခွင့်တို့ကြောင့်ဖြစ်သည်ဟူသော မဟာ မင်းကြီး၏ပြောကြားချက်ကို များစွာ သဘောတူညီကြောင်း၊ မဟာမင်းကြီး၏ အစီရင်ခံစာတွင် အရပ်သားပြည်သူ ထိခိုက်ပျက်စီးမှု မြင့်မားနေခြင်းကို မှတ်တမ်းတင်ဖော်ပြထားပြီးသည့်တိုင် ယခုနှစ်အတွင်း၌လည်း အရပ်သားသေဆုံးမှုအရေအတွက်သည် ဆက်လက်မြင့်တက်နေကြောင်း သံအမတ်ကြီးက ရှင်းပြသည်။

စစ်အုပ်စုမှ အရပ်သား ပြည်သူလူထုအပေါ်တွင် လေကြောင်းတိုက်ခိုက်မှုများနှင့် ဗုံးကြဲတိုက်ခိုက်မှုများကို တိုးချဲ့ လုပ်ဆောင်လာနေသောကြောင့်ဖြစ်ကြောင်း၊ပြည်သူများအတွက် စာသင်ကျောင်းများ၊ ဆေးရုံများနှင့် နေရပ်စွန့်ခွာစခန်းများမှာ လုံခြုံမှု မရှိ တော့ဘဲ စစ်အုပ်စုမှ ပစ်မှတ်ထားတိုက်ခိုက်သည့်နေရာများ ဖြစ်လာခဲ့ကြောင်း၊ အရပ်သားပြည်သူများ၏ အိုးအိမ်များနှင့် အခြေခံအဆောက်အဦအများစုမှာလည်း ပြင်းပြင်းထန်ထန် ဖျက်ဆီးခံထားရကြောင်း၊လူမဆန်သည့် စစ်အုပ်စုအနေဖြင့် လူ့အသက်များကို ငဲ့ညှာခြင်း မရှိသည်နှင့်အမျှ အပြည်ပြည် ဆိုင်ရာဥပဒေနှင့် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေတို့အား ချိုးဖောက်ကာ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများကို ဆက်၍သာ ကျူးလွန်လျက်ရှိကြောင်း၊ အာဆီယံ၏ဘုံသဘောတူညီချက် ၅ ရပ်နှင့် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် ၂၆၆၉ တို့အား လေးစားလိုက်နာခြင်း သို့မဟုတ် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမရှိသည်တို့မှာ ဆိုဖွယ်ရာပင် မရှိကြောင်း သံအမတ်ကြီးက ပြောဆိုသည်။

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်အုပ်စု၏ အကြမ်းဖက်မှုများ ချုပ်ငြိမ်းရေးကို ယခင်က ထည့်သွင်းစဉ်းစားခဲ့ခြင်း မရှိသကဲ့သို့ နောင်တွင်လည်း ထည့်သွင်းစဉ်းစားမည်မဟုတ်သောအချက်ကို ကောင်းစွာသိမြင်ရမည့် အချိန်တန်နေခြင်းက ပေါ်လွင်ကြောင်း၊​ ထို့အတူ စစ်အုပ်စုအနေဖြင့် အတုအယောင်၊ အလိမ်အညာရွေးကောက်ပွဲအား ပြင်ဆင်လျက်ရှိရာ ၎င်းတို့အား ဆန့်ကျင်သူများအပေါ် အကြောက်တရားရိုက်ထည့်ရန် နိုင်ငံတစ်ဝန်းရှိ အရပ်သားပြည်သူများအပေါ်တွင် လူမဆန်သည့်လုပ်ရပ်များကို ဆိုးဆိုးရွားရွားနှင့် ပြောင်ပြောင် တင်းတင်း ထပ်တိုး လုပ်ဆောင်လာနေကြောင်း၊

စစ်အုပ်စုအနေဖြင့် အချို့သောနိုင်ငံများ၏ ထောက်ပံ့မှုဖြင့် ထိုသို့ လုပ်ဆောင်ခွင့်ရနေကြောင်း၊ မိမိအနေဖြင့် လူမဆန်သည့်စစ်အုပ်စုမှ စီစဉ်ကျင်းပသည့် မည်သည့်ရွေးကောက်ပွဲမဆို တရား မျှတမှု၊ လွတ်လပ်မှုနှင့် အားလုံးပါဝင်မှုတို့ ရှိမည်မဟုတ်ကြောင်း သံအမတ်ကြီးက သတိပေးပြောဆိုသည်။

စစ်အုပ်စု၏ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တစ်ခုလုံးသာမက အခြားသော စစ်မှန်သည့် ရည်ရွယ်ချက်များကိုလည်း မတွေ့ရှိရကြောင်း၊ ငြိမ်းချမ်းရေးကို မမျှော်မှန်းနိုင်ဘဲ ထိခိုက်ဆုံးရှုံးမှု များပြားလာမည့်အရေးကိုသာ မျှော်မှန်းနိုင်ကြောင်း၊ ထို့အတွက် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်အုပ်စု၏ လက်ခံယုံကြည်နိုင်ခြင်းမရှိ၊ တရားဝင်မှုမရှိ၊ ဒီမိုကရေစီစည်းမျဉ်းများအပေါ် အခြေခံထားခြင်းမရှိသည့် အတုအယောင်၊ အလိမ်အညာ ရွေးကောက်ပွဲအား မိမိတို့နှင့်အတူ ပူးပေါင်း၍ အလုံးစုံ ငြင်းပယ်၊ ကန့်ကွက်ပေးကြရန် သံအမတ်ကြီးက တောင်းဆိုသည်။

ကမ္ဘာကြီးအနေဖြင့် စစ်အုပ်စုမှ မတရား စစ်အာဏာသိမ်းထားသည့် ကာလတစ်လျှောက် ဖြစ်ပေါ်နေသည့် အကျပ်အတည်း အမျိုးမျိုးအောက်တွင် မြန်မာပြည်သူများ ရင်ဆိုင်နေရသည့် ဒုက္ခဆင်းရဲများကို သိမြင်မည်ဟု ယုံကြည်ကြောင်း၊ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်သည် အပြီးတိုင် ချုပ်ငြိမ်းရန် မဖြစ်မနေ လိုအပ်ကြောင်း၊ယခုအချိန်သည် နိုင်ငံတကာအသိုက်အဝန်းမှ စကားလုံးများနှင့် သိမြင်မှုများကို ထိရောက်သော၊ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုရှိသော၊ သက်ရောက်မှုအားကောင်းသော လုပ်ဆောင်ချက်များအဖြစ် ပြောင်းလဲဖော်ဆောင်ရမည့် အချိန်အခါပင်ဖြစ်ကြောင်း၊ စစ်အုပ်စုထံသို့ နိုင်ငံရေး၊ စစ်ရေး၊ ငွေးကြေးအထောက်အပံ့များ ပေးအပ်နေမှုကို ရပ်တန့်ကြရန် သံအမတ်ကြီးက ဆက်လက် တောင်းဆိုသည်။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး Mr. Volker Turk ကလည်း မြန်မာနိုင်ငံတွင် စစ်အုပ်စုနှင့် စစ်အာဏာသိမ်းမှုကြောင့် ပြည်သူများ ရင်ဆိုင်နေရသည့် ရက်စက်ကြမ်းကြုတ်မှုများနှင့် မြန်မာပြည်သူများ၏ ငြိမ်းချမ်းရေး တောင်းဆိုနေမှုအခြေအနေများကို ရှင်းလင်းပြောဆိုခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article