ရန်ကုန်၊ အောက်တိုဘာ ၁၇
ထိုင်းနိုင်ငံ စာမွတ်ဆာခွတ်ခရိုင် မဟာချိုင်နယ်မြေ လူနေတိုက်တန်းလျားတစ်ခုတွင် နေထိုင်ကာ ပန်းရောင်ဘတ် လုပ်ရန် စောင့်စားနေကြသည့် အထောက်အထားမဲ့ မြန်မာ ၁၃၁ ဦးကို တိုင်ကြားမှုကြောင့် ယမန်နေ့ ထိုင်းအာဏာပိုင်များက ဝင်ရောက်ဖမ်းဆီးလိုက်ကြောင်း ထိုင်းရောက် ရွှေ့ပြောင်းမြန်မာအလုပ်သမားများကို ကူညီပေးနေသည့် အေအေစီ ကိုရဲမင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ယမန်နေ့ အောက်တိုဘာလ ၁၆ ရက်နေ့ မြန်မာနိုင်ငံသား ၁၃၁ ဦး ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်း ခံခဲ့ရခြင်း ဖြစ်ကြောင်း၊ အဆိုပါ အလုပ်သမားများသည် ပွဲစားထံ ပန်းရောင်ဘတ် လုပ်ခအပါ တစ်ဦးလျှင် ကျပ်သိန်း ၈၀ ငွေလက်ငင်းပေးကာ ထိုင်းနိုင်ငံတွင်း နေထိုင် အလုပ်လုပ်ခွင့်ရရန် စောင့် ဆိုင်းနေကြသူများ ဖြစ်ကြောင်း သိရှိရသည်။
“ခု ဒီလူတွေက ပန်းရောင်ကတ်လုပ်ရတော့မယ်ဆိုပြီး စောင့်နေတဲ့ လူတွေ။ ပန်းရောင်ကတ်ကလည်း အောက်တိုဘာ ၁၅ ရက်လုပ်ရမယ်ဆိုပြီး ရက်ရွှေ့သွားပြီ။ အခု ဖမ်းဆီးလည်း ခံရတာ့ အကုန်ဒုက္ခတွေ့ကြပြီ ။ ဝင်ဖမ်းတဲ့အထဲပါတဲ့ အသိ ထိုင်းအရာရှိကဆို ဒီလူတွေကို မဖမ်းချင်ဘူး။ အကြွေးနဲ့ တက်လာတာ သိတယ်။ ဒါပေမယ့် နေရာအတိအကျနဲ့ တိုင်တော့ မဖမ်းလို့ မရဘူးတဲ့။ ခု ဒီလူတွေက သိန်း ၈၀ လည်း ဆုံးပြီ။ ၄၅ ရက်လောက် ထောင်ချခံရပြီး သွန်ခံရမှာ ။ တအားအခက်တွေ့ကုန်ပြီ။ ခု ဖြစ်စဉ်က မြန်မာပွဲစားအချင်းချင်း မတည့်လို့ အတိုင်ခံရတာမျိုး”ဟု အေအေစီ ကိုရဲမင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ထိုင်းနိုင်ငံတွင်း အထောက်အထားမဲ့ အလုပ်သမားများကို အောက်တိုဘာလ ၁၅ ရက်နေ့မှစတင်ကာ အလုပ်လုပ်ခွင့် ပန်းရောင်ဘတ်များ လျှောက်ထားခွင့်ပြုမည်ဟု ထိုင်းအစိုးရက ကြေညာခဲ့သော်လည်း နယ်စပ်ပြဿနာ အကြောင်းပြကာ အလုပ်လုပ်ခွင့် ပန်းရောင်ဘတ် လုပ်ငန်းစဉ်များကို ထိုင်းအလုပ်သမားဝန်ကြီးဌာနက ရွှေ့ဆိုင်းလိုက်ကြောင်း ယမန်နေ့ တရားဝင် သတင်းထုတ်ပြန်သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar






