ရန်ကုန်၊ အောက်တိုဘာ ၁၇
အကြမ်းဖက်စစ်တပ်က တိုင်းပြည်အာဏာကို ထိန်းချုပ်လိုက်ခြင်းကြောင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး NCA စာချုပ်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရပ်တန့်သွားရကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) က ယမန်နေ့ သတင်းထုတ်ပြန်သည်။
NCA ၁၀ နှစ်ပြည့်နှစ်ပတ်လည်အဖြစ် ထုတ်ပြန်သော RCSSS ၏ ကြေညာချက်တွင် ထိုကဲ့သို့ ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်ပြီး နေပြည်တော်တွင် ပြုလုပ်သည့် NCA ၁၀ နှစ်ပြည့် နှစ်ပတ်လည်သို့လည်း RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ရွက်ဆစ် တက်ရောက်ခဲ့ခြင်းမရှိသည်ကို တွေ့ရသည်။
NCA ၁၀ နှစ်ပြည့်မြောက်ခဲ့သော်လည်း အားနည်းချက်နှင့် စိန်ခေါ်မှုများကြောင့် NCA အကောင်အထည်ဖော်ခြင်းကို ရည်မှန်းထားသည့်အတိုင်း မဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ NCA အကောင်အထည်မဖော်နိုင်မှုနှင့် ပတ်သက်၍ အချက် ၅ ချက်ကို RCSS က ထောက်ပြခဲ့ပြီး ယင်းအချက်များတွင် စစ်တပ်က တိုင်းပြည် အာဏာ ထိန်းချုပ်လိုက်သည့်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရပ်တန့်သွားစေခဲ့ကြောင်း RCSS က ထောက်ပြထားသည်။
NCA အကောင်အထည်မဖော်နိုင်သည့် အခြားအကြောင်းအရင်းများတွင် နှစ်ဦးနှစ်ဖက်အကြား ယုံကြည်မှု မတည်ဆောက်နိုင်ခြင်း၊ နှစ်ဦးနှစ်ဖက် လက်မှတ်ရေးထိုးထားသည့် သဘောတူစာချုပ်အတိုင်း အကောင်အထည်မဖော်နိုင်ခြင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်ရောက်ရှိရေးအတွက် အစိုးရက EAOs များကို ဖိအားပေး၍ လုပ်ဆောင်စေခြင်း၊ တိုင်းပြည်ပြုပြင်ပြောင်းလဲရေးအတွက် အစိုးရအနေဖြင့် စိတ်အားထက်သန်မှု နည်းပါးခြင်း ဆိုသော အချက်များ ပါဝင်ကြောင်း RCSS က ထုတ်ဖော်ပြောဆိုထားသည်။
NCA နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် RCSS က အချက် ၆ ချက် အကြံပြုထားပြီး ယင်းတို့ထဲတွင် စစ်တပ်အနေဖြင့် EAOs များနှင့် ယုံကြည်မှု တည်ဆောက်ခြင်းကို ပြန်လည် ဖော်ဆောင်ရွက်ခြင်း၊ ဆွေးနွေးပွဲအဆင့် ၁ တွင် စစ်တပ်နှင့် EAOs များ ဆွေးနွေးပြီး သဘောတူညီချက်များ ဦးစွာ ရယူခြင်း၊ အဆင့် ၂ တွင် နိုင်ငံရေးပါတီများက ပါဝင်တက်ရောက်ပြီး သုံးပွင့်ဆိုင် ဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ ဆွေးနွေးပွဲသို့ နိုင်ငံတကာအား အသိသက်သေများအဖြစ် ပါဝင်တက်ရောက်စေခြင်း၊ နိုင်ငံရေးဆွေးနွေးပွဲများတွင် ဖက်ဒရယ်မူကို အဓိကထားပြီး ဆွေးနွေးခြင်း၊ နိုင်ငံရေး ဆွေးနွေးပွဲမှ ရရှိလာသည့် သဘောတူညီချက်များကို လွှတ်တော်သို့ တင်သွင်း၍ ဥပဒေအဖြစ် အတည်ပြု ပြဋ္ဌာန်းခြင်းတို့ ဖြစ်ကြောင်း သိရှိရသည်။
ယင်းအပြင် NCA ၏ အနှစ်သာရဖြစ်သည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် အဘက်ဘက်မှ ဆွေးနွေးခြင်း နည်းလမ်းဖြင့် တွေ့ဆုံ အကောင်အထည်ဖော်သွားကြရန် တိုက်တွန်းထားသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနက RCSS ၏ ထုတ်ပြန်ကြေညာချက်နှင့်ပတ်သက်၍ အသေးစိတ် ထပ်မံမေးမြန်းရန် ဗိုလ်မှူးခမ်းစံနှင့် ဒုတိယဗိုလ်မှူးကြီး အုမ်ခေးတို့ကို ယမန်နေ့ တစ်နေ့လုံး ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




