ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်တွင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ထွန်းညိုနှင့် နယ်ထိန်းရဲ လွင်းမိုးဦးက ပေါ်တာဆွဲ ဖမ်းဆီးပြီး အကြမ်းဖက် စစ်တပ်ထံ ရောင်းစားထားသော ကျေးရွာနေ ပြည်သူ ၂ ဦး တိုက်ပွဲတွင် သေဆုံးသွားသော်လည်း မိသားစုထံ အသိမပေးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
လက်ရှိချိန်တွင် ငပုတောမြို့နယ်၊ ငရန့်ချောင်းကျေးရွာအုပ်စုရှိ ဂဒက်ချောင်းရွာ၊ ပျော့ကုန်ရွာ၊ တောင်လေးရွာ၊ ကျောက်ရေတွင်း ၊သဇင်ကွင်း ၊တောင်ချောင်းရွာ တို့မှ အုပ်စု အုပ်ချုပ်ရေးမှူး ထွန်းညို ဦးဆောင်၍ ၎င်း၏ နောက်လိုက်များဖြစ်သော ပျူစောထီး ချစ်သိန်း၊ ထွေ/အုပ်စာရေး ကောင်းထက်စံ (ခ) မောင်ကောင်း၊ နယ်ထိန်းရဲ လွင်မိုးဦး၊ ပျူစောထီး စိုင်းလင်းထွဋ်၊ မီးသတ်တပ်ဖွဲ့ဝင် ကျော်ဝင်း၊ သဇင်ကွင်းရာမှူး ချစ်သန်းတို့သည် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး အကြမ်းဖက် စစ်တပ်ထံ ငွေကျပ် သိန်းချီဖြင့် ရောင်းစားနေခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ၎င်းတို့ ပေါ်တာဆွဲ ဖမ်းဆီးထားပြီး အကြမ်းဖက် စစ်တပ်ထံ ငွေကျပ် သိန်းချီဖြင့် ရောင်းစားထားသော ငရန့်ချောင်းကျေးရွာအုပ်စုမှ ကိုကျော်မင်းစိုးနှင့် ကိုအောင်ပိုင်စိုး တို့သည် ရှေ့တန်း တိုက်ပွဲတွင် သေဆုံးခဲ့သော်လည်း မိသားစုဝင်များကို အသိပေး အကြောင်းကြားခြင်းမရှိကြောင်း သိရှိရသည်။
ထို့ပြင် ငရန့်ချောင်းကျေးရွာအုပ်စုတွင် နေထိုင်သော ကိုဇင်မင်းထွန်း၊ ကိုဟန်ဝင်းအောင် ၊ ကိုအောင်ကိုလင်းနှင့် ကိုပိုင်ထွန်းတို့ကိုလည်း ငပုတောမြို့နယ် ထွေ/အုပ် စာရေး ကောင်းထက်စံ (ခ) မောင်ကောင်း အဆက်အသွယ်ဖြင့် အကြမ်းဖက် စစ်တပ်ထံ ငွေကျပ် သိန်းချီ ရယူကာ ရောင်းစားခဲ့ကြောင်း သိရသည်။
“အဲကောင်တွေက အုပ်စုဖွဲ့ကို သောင်းကျန်းနေတာ ကျေးရွာတွေထဲမှာလည်း စစ်မှုထမ်းကြေးတွေ အဆမတန် ကောက်ခံတယ်။ လူငယ်တွေကိုလည်း ပေါ်တာဆွဲ ဖမ်းဆီးပြီး အကြမ်းဖက် စစ်တပ်ကို ငွေကျပ်သိန်းချီနဲ့ ရောင်းစားပြီး ဝေစုခွဲယူနေကြတာ အခုနောက်ပိုင်း တော်တော်ဆိုးလာတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အဆိုပါ ငရန့်ချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ထွန်းညိုသည် သစ်မှောင်ခိုးရောင်းဝယ်မှုများ အပါအဝင် လောင်းကစား လုပ်ငန်းများမှလည်း လစဉ် ငွေကျပ် သိန်းရာချီ ရရှိနေကြောင်း၊ ပြည်သူများက မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ကို တိုင်ကြားသော်လည်း ငပုတောမြို့နယ် ထွေ/အုပ် စာရေး ကောင်းထက်စံ (ခ) မောင်ကောင်းက ငွေကြေးရယူကာ လိုက်လံဖြေရှင်းပေးသောကြောင့် အရေးယူခံရခြင်းမရှိကြောင်း သိရသည်။




