စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲပြီး မြေပြင်မှလည်း စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၂၀ ကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ အောက်တိုဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းမှာစတင်ပြီး ညောင်ပင်ကြီးစခန်းမှ ထွက်လာသော အင်အား ၁၅၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဆားလင်းကြီးမြို့နယ်မြောက်ဘက်ခြမ်းရှိ မြန်မာဝမ်ပေါင်အနီး ကျေးရွာများကိုစစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။
ထို အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မုံရွာမြို့ပေါ်ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် မှလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းဖြစ်ပြီး ယမန်နေ့ညပိုင်းက ညောင်ပင်ကြီးရဲစခန်းတွင် ညအိပ်ကာ ယနေ့ နံနက်ပိုင်းမှ စတင်ပြီး စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း၊ ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် လက်ရှိချိန်တွင် ကျေးရွာ ၂၀ ကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြည်သူတချို့ကိုလည်း လမ်းပြ အဖြစ် ဖမ်းဆီး ခေါ်ဆောင်ထားပြီး ကျေးရွာနေအိမ်များအတွင်းသို့ ဝင်ရောက်မွှေနှောက်ကာ ရွှေငွေတချို့နှင့်ပစ္စည်းများကိုလည်း ခိုးယူလျက်ရှိကြောင်း သိရသည်။
ထိုသို့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုးဝင်ရောက်လာစဉ်ကလည်း မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တက်လာသော စက်တပ်လေထီး ၂ စီးက ဆားလင်းကြီးမြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာများကိုလည်း ဗုံး ၁၀ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ပြည်သူ ၁ ဦး လက်နက်ငယ်ထိမှန်၍ ဒဏ်ရာရရှိထားကာ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ထိခိုက်သူရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
“တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ စစ်ခွေး စစ်ကြောင်း ထွက်လာတဲ့ အချိန်တည်းက ရွာတွေကို စက်တပ်လေထီးနဲ့ ဗုံး ၁၀ လုံးကျဲချ တိုက်ခိုက်သွားတာပါ။ ပြည်သူ ၁ ဦးတော့ လက်နက်ငယ် ထိမှန်တယ်လို့ သိရပေမယ့် ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ထိခိုက်သူရှိမရှိဆိုတာကတော့ မသိရသေးဘူး” ဟု ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းမှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်တွင် လယ်တီရွာနှင့် ဆည်တည်းရွာ အတွင်း ညအိပ် တပ်စွဲထားပြီး မည်သည့် နေရာကို ဆက်လက် ထွက်ခွာမည်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။





