ရန်ကုန်၊ အောက်တိုဘာ ၂၂
အောက်တိုဘာလ ၁၉ ရက်နေ့မှ အောက်တိုဘာလ ၂၃ ရက်နေ့အထိ ၅ ရက်အကြာ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ကျင်းပလျက်ရှိသည့် ၁၅၁ ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ-CRPH မှ ဒေါက်တာဝင်းမြတ်အေးနှင့် ဒေါ်ဇင်မာအောင်တို့ ဦးဆောင်သော မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်စဉ် ထိုသို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။
“အကြမ်းဖက်စစ်တပ်က နယ်စပ်ဖြတ်ကျော်မှုခင်းတွေ၊ အွန်လိုင်းလိမ်လည်မှုတွေကနေ အကျိုးအမြတ် ရနေပါတယ်။ စစ်အာဏာရှင် ကျင်းပမယ့် ရွေးကောက်ပွဲကို ထောက်ခံခြင်းဟာ ဒေသတွင်းမှာ အွန်လိုင်းလိမ်လည်မှုတွေနဲ့ ကျားဖြန့်စင်တာတွေကို တရားဝင် ရပ်တည်နိုင်အောင် ကူညီလုပ်ဆောင်တာနဲ့အတူတူပဲဆိုတာကို နိုင်ငံတကာကို သိစေချင်ပါတယ်”ဟု ဒေါက်တာဝင်းမြတ်အေးက ပြောဆိုသည်။
မြန်မာ အကြမ်းဖက်စစ်တပ်က ဆက်လက်ကျူးလွန်လုပ်ဆောင်နေသည့် လေကြောင်းတိုက်ခိုက်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အကြမ်း ဖက်မှုများ၊ ယင်းလုပ်ရပ်များကြောင့် နေရပ်စွန့်ခွာနေပြီး ဒုက္ခများနှင့် ရင်ဆိုင်နေရသည့် ပြည်တွင်းရှိ စစ်ဘေးရှောင်ပြည်သူများနှင့် အခြားနိုင်ငံများရှိ ရွှေ့ပြောင်းမြန်မာပြည်သူများ၏ အခြေအနေများနှင့် နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများကို CRPH က ရှင်းပြခဲ့ပြီး အကြမ်းဖက်စစ်အုပ်စုက ကျင်းပမည့် တရားဝင်မှုမရှိသော အတုအယောင်ရွေးကောက်ပွဲနှင့် ရလဒ်အပေါ် ကန့်ကွက်ပေးရေးနှင့် အသိအမှတ်မပြုရေး၊ မတရားဖမ်းဆီးထိန်းသိမ်းခံနေရသည့် နိုင်ငံတော်အကြီးအကဲများ၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေးရွေးကောက်ပွဲမှ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကို ကမ္ဘာ့လွှတ်တော်အသိုက်အဝန်းက ဆက်လက်အသိအမှတ်ပြုရေး၊ လက်ရှိ ပဋိပက္ခဖြေရှင်းရေးနှင့် ရေရှည်တည့်တံ့သော အဖြေရှာခြင်းတွင် တော်လှန်ရေးအင်အားစုများ၏ ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များအပေါ် ထိရောက်သော ပံ့ပိုးကူညီမှုများ ရရှိရေးတို့ကို အဓိကထား ဆွေးနွေးတိုက်တွန်းကြောင်း သိရှိရသည်။
CRPHမှ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့က အောက်တိုဘာလ ၁၉ ရက်နေ့ အာရှ-ပစိဖိတ်အုပ်စု (Asia-Pacific Group) နှင့် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်ဖိုရမ်သို့ တက်ရောက်ခဲ့ပြီး အောက်တိုဘာလ ၂၀ ရက်နေ့တွင် အမှုဆောင်ကောင်စီအစည်းအဝေး၊ ညီလာခံအစည်းအဝေးနှင့် ညီလာခံ၏ General Debate အစီအစဉ်တို့သို့ တက်ရောက်ခဲ့ကာ မလေးရှား၊ ထိုင်း၊ အီတလီ၊ ကနေဒါ၊ နယူးဇီလန်၊ ဆွီဒင်၊ ဩစတေးလျနိုင်ငံတို့မှ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့များနှင့်လည်း သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
နိုင်ငံတကာပါလီမန်များအဖွဲ့တွင် ကမ္ဘာ့နိုင်ငံပေါင်း ၁၈၃ နိုင်ငံတို့မှ နိုင်ငံတော်အဆင့်လွှတ်တော်များဖြင့် ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ-CRPH ကို IPU ၏ အဓိက ဆွေးနွေးဖက်မိတ်ဖက်အဖြစ် အသိအမှတ်ပြုခဲ့ပြီး ယနေ့ထိတိုင် ဆက်လက်အသိအမှတ်ပြုထားခြင်းဖြစ်သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar








