ရန်ကုန်၊ အောက်တိုဘာ ၂၂
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် အတွင်းရှိ ကလေး-တမူး- ဂန့်ဂေါ လမ်းပိုင်းကို အကြမ်းဖက် စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ၍ ပြည်သူ ၁ သောင်းကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေကြောင်း ကလေးမြို့ လူထုတိုက်ပွဲ ဦးဆောင် ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။
အောက်တိုဘာလပိုင်းမှ စတင်ပြီး ကလေးမြို့နယ်အတွင်းရှိ ကလေး-တမူး လမ်းပိုင်းနှင့် ကလေး-ဂန့်ဂေါ လမ်းပိုင်းကို အကြမ်းဖက် စစ်တပ်က အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသောကြောင့် ဒေသပြည်သူ အများအပြား အရေးပေါ် နေရပ် စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် ထိုလမ်းပိုင်းတစ်လျှောက်ရှိ ကျေးရွာများမှ ပြည်သူ ၁ သောင်းကျော်သည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးသူငယ်များ အတွက် အရေးပေါ်စားနပ်ရိက္ခာ၊ ကျန်းမာရေးကူညီစောင့်ရှောက်မှု၊ အခြေခံစားသောက်ကုန် စသည့် အကူအညီများ လိုအပ်လျက်ရှိကြောင်း သိရှိရသည်။
“စစ်ခွေးတွေက အင်အားအလုံးအရင်းနဲ့ကို စစ်ကြောင်းထိုးနေတာ အခုပြေးနေရတဲ့ ရွာတွေ အကုန်လုံးက ကလေး-တမူး- ဂန့်ဂေါ လမ်းပိုင်းကရွာပါ။ လူဦးရေကတော့ ၁ သောင်းကျော်လောက်ရှိပါတယ်။ ပြည်သူတွေ တချို့ကတော့ နီးစပ်ရာ ဆွေမျိုးတွေဆီကို တိမ်းရှောင်နေကြပေမယ့် အများစုကတော့ တောတောင်တွေထဲမှာ ဒုက္ခရောက်နေပါတယ်။ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေပါတယ်” ဟု ကလေးမြို့ လူထုတိုက်ပွဲ ဦးဆောင် ကော်မတီမှ တာဝန်ရှိသူက ပြောဆိုသည်။
အရေးပေါ် တိမ်းရှောင်နေရသည့် ဒေသ ပြည်သူတို့၏ လိုအပ်ချက်များကို အချိန်မီ ဖြည့်တင်းနိုင်ရန် ကလေးမြို့လူထုတိုက်ပွဲဦဆောင်ကော်မတီအနေဖြင့် အရေးပေါ်တုံ့ပြန်ရေးနှင့်ကူညီရေးအဖွဲ့ အားဖွဲ့စည်းလိုက်ပြီး နိုင်ငံတကာရောက် ပြည်သူများ၊ဒေသတွင်းမိတ်ဖက်အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပရှိ တော်လှန်ရေးအင်အားစုများ ၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့်နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင် လက်ရှိ ကလေးမြို့နယ်အတွင်းရှိ နေရပ်တိမ်းရှောင်နေရသည့် ဒေသခံမိဘပြည်သူတို့၏ အရေးပေါ်လိုအပ်နေသည့်အခက်အခဲများ စောင့်ကြည့်ကာ ပံ့ပိုးကူညီနိုင်မေတ္တာရပ်ခံကြောင်း ကလေးမြို့ လူထုတိုက်ပွဲ ဦးဆောင် ကော်မတီမှ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




