29 C
Yangon

ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် တရုတ်ဝမ်ပေါင်ကုမ္ပဏီအတွင်း တပ်စွဲထားသည့် စစ်တပ်က လက်နက်ကြီး၊ လက် နက်ငယ်များဖြင့် ကျေးရွာများသို့ ပစ်ခတ်နေပြီး ပြည်သူ ၁ ဦးဒဏ်ရာရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၃

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း၊ တရုတ်ဝမ်ပေါင်ကုမ္ပဏီဝင်းအတွင်း တပ်စွဲထားသည့် စစ်တပ်က လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် ကျေးရွာများသို့ ပစ်ခတ်နေပြီး ပြည်သူ ၁ ဦးဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ အောက်တိုဘာလ ၂၂ ရက်နေ့တွင် တရုတ်ဝမ်ပေါင်ကုမ္ပဏီအတွင်းရှိ စစ်တပ်က လက်နက်ကြီးများဖြင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ ပစ်ခတ်နေကြောင်း၊ လက်နက်ကြီးများမှာ ဖောင်းကတာကျေးရွာ၊ မိုးကြိုးပြင်ကျေးရွာနှင့် မယ်ဇလီကန်ကျေးရွာဘက်များသို့ ဦးတည်ပစ်ခတ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဝမ်ပေါင်ဝင်းထဲကနေ ပစ်တာ။ ဖောင်းကတာရွာ ဘက်လည်းကျတယ်။ မိုးကြိုးပြင်ရွာဘက်ကိုလည်း ပစ်တယ်။ မယ်ဇလီကန်ရွာဘက်တွေကိုလည်း ပစ်တယ်။ အကြိမ်ရေ တော်တော်များတယ်”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထို့ပြင် ယမန်နေ့ ညနေပိုင်းတွင်မူ ဝက်မှေးရွာသစ် အနောက်မြောက်ဘက် ပလောင်ရွာလမ်းခွဲနားရှိ ဝမ်ပေါင်ကုမ္ပဏီဝင်းအဝင်ဂိတ်မှ စစ်တပ်က သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်၍ ဝက်မှေးရွာသားတစ်ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“မနေ့ ညနေပိုင်း ဝက်မှေးရွာသစ် အနောက်မြောက်ဘက် ပလောင်ရွာလမ်းခွဲနားက ဝမ်ပေါင်အဝင်ဂိတ်က စစ်တပ်က သေနတ်နဲ့ ရမ်းပစ်လို့ ဝက်မှေးရွာသား ဦးလှပြည့် ကျည်ထိမှန်လို့ ဒဏ်ရာရထားတယ်။ မစိုးရိမ်ရဘူးလို့တော့ ပြောတယ်”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောပြသည်။

အကြမ်းဖက်စစ်တပ်က ဆားလင်းကြီးမြို့နယ်အတွင်း စစ်ကြောင်းထိုးမှုများ လုပ်ဆောင်နေသည့်အပြင် လေကြောင်းတိုက်ခိုက်မှုများကိုလည်း မကြာခဏ ဆိုသလို လုပ်ဆောင်နေ၍ ပြည်သူများ စစ်ဘေးရှောင်နေရမှုများ ရှိနေကြောင်း​ ဒေသပြည်သူများထံမှ သိရှိရသည်။

ဓာတ်ပုံ – ၂၀၁၃ ခုနှစ် လက်ပံတောင်းဒေသ တောင်ကြေးနီစီမံကိန်းကို လုံခြုံရေးယူထားသည့် အကြမ်းဖက်ရဲများ။ (Photo – EPA)။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

၂၀၁၃ ခုနှစ် လက်ပံတောင်းဒေသ တောင်ကြေးနီစီမံကိန်းကို လုံခြုံရေးယူထားသည့် အကြမ်းဖက်ရဲများ။ (Photo – EPA)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article