30 C
Yangon

လက်ရှိအခြေအနေများအောက်တွင် မြန်မာစစ်တပ်က ရွေးကောက်ပွဲ ကျင်းပပါက မတည်ငြိမ်မှုများနှင့်ဖယ်ထုတ်ခံရမှုကို ပိုမိုနက်ရှိုင်းဆိုးရွားစေလိမ့်မည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် သတိပေး

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၈

မြန်မာစစ်တပ်က လက်ရှိအခြေအနေများအောက်တွင် ရွေးကောက်ပွဲ ကျင်းပပါက မတည်ငြိမ်မှုများနှင့်ဖယ်ထုတ်ခံရမှုကို ပိုမိုနက်ရှိုင်းဆိုးရွားစေလိမ့်မည်ဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်က သတိပေးပြောဆိုသည်။

မလေးရှားနိုင်ငံ၊ ကွာလာလမ်မြို့တွင် ယမန်နေ့ အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်စဉ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်က အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံရသော ခေါင်းဆောင်များအပါအဝင် မတရားဖမ်းဆီးခံထားရသူများကို လွှတ်ပေးရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က တောင်းဆိုလိုက်ပြီး လက်ရှိအခြေအနေများအောက်တွင် ကျင်းပသော ရွေးကောက်ပွဲကြောင့် ဖယ်ကျဉ်ခံရမှုနှင့် မတည်ငြိမ်မှုများကို ပိုမိုဆိုးရွားစေနိုင်ကြောင်း သတိပေးပြောကြားသည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော အကြမ်းဖက်မှုများကို ပြင်းထန်စွာရှုတ်ချခဲ့ပြီး ပဋိပက္ခများကို ရပ်တန့်ရန်၊ အရပ်သားများကို ကာကွယ်ရန်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝင်ရောက်ခွင့်များကို အတားအဆီးမရှိ ခွင့်ပြုရန် အဖွဲ့များအားလုံးကို တိုက်တွန်းခဲ့သည်။

“မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးဟာ ခက်ခဲနေဆဲပါ။ ထောင်ပေါင်းများစွာသော လူတွေ အသတ်ခံခဲ့ရပြီး သန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များ မြင့်တက်လာနေပါတယ်” ဟု အာဆီယံ ကုလသမဂ္ဂထိပ်သီးအစည်းအဝေးတွင် ၎င်း၏အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့ပြီး ရိုဟင်ဂျာများနှင့် အခြားလူမှုအသိုင်းအဝိုင်းများအနေဖြင့် နှိပ်စက်ညှဉ်းပန်းမှုနှင့် အတင်းအကျပ် အိုးမဲ့အိမ်မဲ့ဖြစ်မှု သံသရာများကို ဆက်လက်ခံစားနေရဆဲဖြစ်ကြောင်း ထောက်ပြခဲ့သည်။

မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်မှုအစီအစဉ်မှာ ရန်ပုံငွေများစွာ မလုံလောက်သေးကြောင်း ၎င်းက သတိပေးခဲ့ပြီး အကျပ်အတည်းကို ဖြေရှင်းရန် အရေးပေါ်နိုင်ငံတကာ၏ အကူအညီကို တောင်းခံခဲ့သည်။

ကုလသမဂ္ဂအကြီးအကဲက မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီပြန်လည်ထူထောင်ရန် အာဆီယံဘုံသဘောတူညီချက် ၅ ချက် နှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၆၆၉ ကို အကောင်အထည်ဖော်ရန် မြန်မာစစ်တပ်ကို ထပ်လောင်း တောင်းဆိုခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article