မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ သံဇလုံစစ်တပ်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံး ပြီး လက်နက် ၁ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ပခုက္ကူခရိုင် အမှတ် ၁၉ တပ်ရင်းမှ တာ ဝန်ရှိသူတစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ အောက်တိုဘာလ ၂၇ ရက် နံနက် ၅ နာရီ ၃၀ မိနစ်က ဆိပ်ဖြူမြို့နယ်၊ ဂွေးပင်ချောင်း ကျေးရွာနှင့် တောင်ငယ်လုံးကျေးရွာကြားရှိ သံဇလုံအကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်ကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ထို့အပြင်အကြမ်းဖက်စစ်သားများကို ကိုင်ဆောင်အသုံးပြုသော MA-3 အမျိုးအစားသေနတ် ၁ လက်၊ ကျည်ဘောက် ၃ ဘောက်၊ 5.56 ကျည် ၁၁၀ နှင့် အခြားဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပြီး Yenanthar column (မကွေးတိုင်း ပကဖ ရွေ့လျား စစ်ကြောင်း) မှ စစ်ကြောင်း မှူး ရဲဘော်ဆိပ်ဖြူ (ခ) ရဲဘော် ဟိန်းမင်းသူ မြင့်မြတ်စွာ အသက်ပေးခဲ့ရကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူခရိုင် တပ်ရင်း ၁၉ နှင့် Yenanthar column (မကွေးတိုင်း ပကဖ ရွေ့ လျားစစ်ကြောင်း) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်တွင် စစ်တပ်က ရွေးကောက်ပွဲ ကျင်းပမည်ဟုဆိုကာ မြို့ ပေါ်လုံခြုံရေးတိုးမြှင့်နေသည့်အပြင် ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးမှုများ အရှိန်အဟုန်မြှင့်လာကြောင်း၊ အထူးသဖြင့် ကျေးရွာများကို စစ်ကြောင်းထိုးမှုများအတွင်း ပြည်သူလူထု၏ နေအိမ်များကို ဖျက်ဆီးခြင်း၊ လုယက်ခြင်းနှင့် ပြည်သူများကို ဖမ်းဆီး သတ်ဖြတ်ခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။
“ရွေးကောက်ပွဲလုပ်ဖို့ နယ်မြေရှင်းလင်းရေးဆိုပြီး စစ်ကြောင်းထိုးတာတွေရှိတယ်။ ပြည်သူတွေကတော့ စစ်ကြောင်းထိုးလာရင် ပြေး၊ စစ်ကြောင်း ပြန်ထွက်သွားရင် ပြန်ဝင်နဲ့ပဲ သံသရာလည်နေတယ်။ ရွေးကောက်ပွဲလုပ်လည်း ဆိပ်ဖြူဘက်မှာတော့ အောင်မြင်မှာမဟုတ်တာသေချာတယ်။ မြို့ပေါ် စစ်တပ် စိုးမိုးထားတဲ့နေရာကတော့ မဲပေးပွဲ လုပ်လို့ရနိုင်ပါတယ်။ ရွာဘက်တွေတော့ ရွေးကောက်ပွဲ မဖြစ်နိုင်လောက်ဘူး” ဟု ဆိပ်ဖြူမြို့နယ် အခြေစိုက် တော်လှန်ရေး ကင်းထောက် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။




