27 C
Yangon

ဝက်လက်ရှိ ကျေးရွာများကို စစ်တပ်က အသေခံဒရုန်း အပါအဝင် Y-12 လေယာဉ်ဖြင့် နေ့စဉ် ဗုံးကျဲမှ လူ ၇ ဦး ထိခိုက်ဒဏ်ရာရပြီး ပြည်သူများ ထွက်ပြေးတိမ်းရှာင်နေရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၈

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က အသေခံဒရုန်း အပါအဝင် Y-12 လေယာဉ်ဖြင့် ၃ ရက်ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရပြီး ပြည်သူများ ထွက်ပြေးနေရကြောင်း နွေဦးအောင်ပွဲအဖွဲ့ ထုတ်ပြန်ချက်နှင့် Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦး၏ ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုချက်အရ သိရှိရသည်။

ယမန်နေ့ အောက်တိုဘာလ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်ခန့်အချိန် ဝက်လက်မြို့နယ်၊ စိုင်နိုင်လေးကျေးရွာအနီး ရွှေဘိုမြို့မှ စစ်တပ်က အသေခံဒရုန်း ၁ စီးဖြင့် ပြည်သူများကို တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဖောက်ခွဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း၊ အလား တူ အောက်တိုဘာလ ၂၆ ရက်နေ့ နံနက် ၉ နာရီ ၄၇ မိနစ်ခန့်အချိန်ကလည်း ဝက်လက်မြို့နယ် အနောက်ခြမ်း ဝက်လက်-ရွာသာကြီး လမ်းပိုင်းကို အကြမ်းဖက် စစ်တပ်၏ တံတားဦး လေတပ်မှ တက်လာသော Y-12 လေယာဥ် ၁ စီးက ဗုံး ၄၉ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူ ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဦးခေါင်းကို ဗုံးစထိမှန်သူ ၁ ဦး ပါဝင်သောကြောင့် အသက်အန္တရာယ်စိုးရိမ်ရကြောင်း၊ လက်ရှိအချိန်တွင် ဝက်လက်-ရွာသာကြီး လမ်းပိုင်းမှ ပြည်သူများမှာ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

ထို့ပြင် အောက်တိုဘာလ ၂၅ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော Y-12 လေယာဉ် ၁ စီးက ဝက်လက်မြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများကို ဗုံး ၃၇ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။

“စစ်ခွေးတွေက အောက်တိုဘာလ ၂၆ ရက်နေ့က လေယာဉ်နဲ့ ဗုံးကျဲတာ ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရတယ်။ ၁ ဦးကတော့ ဦးခေါင်းကို ဗုံးစမှန်လို့ ဒဏ်ရာအခြေအနေ စိုးရိမ်ရတယ်။ ရွာသာကြီးရွာကို စစ်ခွေးတွေက လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေလို့ အနီးအနားက ရွာတွေက ပြည်သူတွေကပါ ရွာလုံးကျွတ် ဘေးလွတ်ရာကို ပြေးနေရတယ်” ဟု Wetlet Informational Network မှ တာဝန်ရှိသူက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် ဝက်လက်မြို့နယ် ရွာသာကြီးရွာ အပါအဝင် အနီးအနားရှိ ကျေးရွာများကို အောက်တိုဘာလ ၁၃ ရက်နေ့က စတင်ပြီး လေယာဉ်၊ Gyrocopter များဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေခြင်းဖြစ်ကာ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သမန်သာကျေးရွာ စာသင်ကျောင်းလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article