27 C
Yangon

ကလေးမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ထောက်ကြန့်ရွာကို ဝင်ရောက်စီးနင်းပြီး ပြည်သူ ၄၀ ခန့်ကို ဖမ်းဆီးကာ နေအိမ်များကိုလည်း မီးရှို့နေ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၈

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကလေး-ဂန့်ဂေါ လမ်းပိုင်းကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ထောက်ကြန့်ရွာကို ဝင်ရောက်စီးနင်းပြီး စစ်ဘေးရှောင် ပြည်သူ ၄၀ ခန့်ကို ဖမ်းဆီးထားကာ နေအိမ်များကိုလည်း မီးရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ အောက်တိုဘာလ ၂၇ ရက်နေ့မှ စတင်ပြီး ထိုမာရွာ GTC တွင် တပ်စွဲထားသော စစ်တပ်က သာယာကုန်းရွာနှင့် ကျွန်းချောင်းရွာသို့ စစ် ကြောင်းထိုး ဝင်ရောက် စီးနင်းကာ ကျွန်းချောင်းရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ယနေ့ အောက်တိုဘာလ ၂၈ ရက်နေ့တွင်လည်း ထို စစ်ကြောင်းက ထောက်ကြန့်ရွာကို တပ်မံ ဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာအတွင်း ပိတ်မိနေသော စစ်ဘေးရှောင် ပြည်သူ ၄၀ ကိုလည်း ဖမ်းဆီးထားကာ ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း သိရှိရသည်။

“အခုကျနော်တို့ သိရတာတော့ ထောက်ကြန့်ရွာထဲမှာ ပိတ်မိနေတဲ့ စစ်ရှောင် ပြည်သူ ၄၀ လောက်ကို စစ်ခွေးတွေက ဖမ်းဆီးထားတယ်။ ရွာထဲက နေအိမ်တွေကိုလည်း စစ်ခွေးတွေ မီးရှို့နေပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် ကလေး-ဂန့်ဂေါ လမ်းပိုင်းရှိ ထောက်ကြန့်ရွာ၊ ကြာအင်းရွာ၊ စည်သာရွာ၊ နတ်မြောင်းရွာ၊ နတ်ချောင်းရွာ၊ ကြံသာရွာ၊ အောင်သာယာရွာနှင့် မှန်တောရွာ အပါအဝင် အနီးအနားရှိ ကျေးရွာများမှ သောင်းနှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်းကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက လိုက်လံ တိုက်ခိုက်နေပြီး တိုက်ပွဲများလည်း နေ့စဉ် ဖြစ်ပွားနေကာ ကျည်ဖိုး လိုအပ်နေကြောင်း ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ယင်း စစ်ကြောင်းသည် အောက်တိုဘာလပိုင်းမှ စတင်ပြီး ကလေးမြို့နယ်အတွင်းရှိ ကလေး-တမူး လမ်းပိုင်းနှင့် ကလေး-ဂန့်‌ဂေါ လမ်းပိုင်းကို အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသောကြောင့် ဒေသပြည်သူ အများအပြား အရေးပေါ် နေရပ် စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကာ စားနိပ်ရိက္ခာများလည်း လိုအပ်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article