ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ် အုပ်ချုပ်ရေးမှူး အောင်နိုင်သူဦး ဦးဆောင်သော ပျူစောထီး အဖွဲ့က မြို့ပေါ်ရပ်ကွက်များတွင် နေအိမ်တံခါးပါ ရိုက်ဖွင့်ပြီး ဧည့်စားရင်း စစ်ဆေးကာ လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးငွေညှစ်နေကြောင်း ဒေသပြည်သူများနှင့် ဒေသတွင်း သတင်းရင်းမြစ်ဖြစ်သော ဒို့ပြည် မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ပေါက်ခေါင်းမြို့နယ် အုပ်ချုပ်ရေးမှူး အောင်နိုင်သူဦးသည် စစ်တပ်က စစ်မှုထမ်း ဥပဒေ ပြဌာန်းချိန်မှ စ၍ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးငွေညှစ်နေခြင်းဖြစ်ကြောင်း၊ ထိုသို့ ပေါ်တာဆွဲ ဖမ်းဆီးမှုများကို ပေါက်ခေါင်းမြို့နယ် အုပ်ချုပ်ရေးမှူးအောင်နိုင်သူဦး၊ စီမံဗိုလ်မှူးတိုးနိုင်ထွန်း၊ ဒုဦးစီးသီဟဆွေနှင့် ရုံးစာရေး ကံထူး တို့က စုပေါင်း လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိချိန်တွင် အုပ်ချုပ်ရေးမှူး အောင်နိုင်သူဦး ဦးဆောင်သော ပျူစောထီး အဖွဲ့သည် မြို့ပေါ် ရပ်ကွင်များတွင် နေအိမ်တံခါးပါ ရိုက်ဖွင့်ပြီး ဧည့်စားရင်း စစ်ဆေးမည်ဟုဆိုကာ လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးငွေညှစ်မှုများ ပိုမိုဆိုးဝါးစွာ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း၊ ယင်းသို့ ဖမ်းဆီးငွေညှစ်မှုများမှ ရရှိလာသော ငွေကြေးများကို ထွေအုပ်ကြေးဟုဆိုကာ ဒုဦးစီးသီဟဆွေက ငွေကျပ် သိန်း ၅၀နှင့် ပျူစောထီး ခေါင်းဆောင် နေကျောက်ခဲ ဆိုသူက ငွေကျပ်သိန်း ၅၀ ယူဆောင်ကြောင်း သိရှိရသည်။
“ပေါက်ခေါင်းမြို့ပေါ်မှာ အုပ်ချုပ်ရေးမှူး အောင်နိုင်သူဦးက လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးတာ တော်တော်ဆိုးလာတယ်။ အခုက သူတို့ စောင့်ဖမ်းတာ လူသိပ်မရတော့လို့ ညဘက်ဆို ဧည့်စာရင်း အကြောင်းပြပြီး နေအိမ်တံခါးပါရိုက်ဖွင့်ပြီး ပေါ်တာဆွဲ ဝင်ရောက်ဖမ်းဆီးတာ ငွေညှစ်တာတွေ လုပ်ဆောင်လာပါတယ်။ ပြည်သူတွေလည်း ကြောက်လန့်နေကြတယ်။ ညဘက်ရောက်ရင် ဧည့်စာရင်းလာစစ်မှာကို လန့်နေရပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အုပ်ချုပ်ရေးမှူး အောင်နိုင်သူဦး ဦးဆောင်သော ပျူစောထီး အဖွဲ့သည် ပေါက်ခေါင်းမြို့ပေါ် လမ်းဆုံများနှင့် စစ်ဆေးရေးဂိတ်များကို အိမ်စီးကားများဖြင့် နေ့စဉ် လှည့်ပတ်ပြီး လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများလည်း ပြုလုပ်ကြောင်း သိရသည်။
ဓာတ်ပုံ – ပေါက်ခေါင်းမြို့နယ် အုပ်ချုပ်ရေးမှူး အောင်နိုင်သူဦး




