32 C
Yangon

ရွှေဘိုမြို့နယ်နှင့်စဉ့်ကူးမြို့တို့ကို ဆက်သွယ်ထားသော ရတနာသိင်္ခတံတား မိုင်းခွဲခံရမှုကြောင့် ပြိုကျပျက်စီး၊ စစ်တပ်က တော်လှန်ရေးတပ်များ၏ လက်ချက်ဟု စွပ်စွဲ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၉

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့နှင့် မန္တလေးတိုင်း၊ စဉ့်ကူးမြို့တို့ကို ဆက်သွယ်ထားသော ရတနာသိင်္ခတံတားမှာ မိုင်းခွဲခံရမှုကြောင့် ပြိုကျပျက်စီးသွားပြီး စစ်တပ်က တော်လှန်ရေးတပ်ဖွဲ့များ၏ လက်ချက်ဟု စွပ်စွဲထားသည်။

ယနေ့ အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၆ နာရီ ၂၀ မိနစ်အချိန် ရတနာသိင်္ခတံတား မိုင်းခွဲခံရမှုကြောင့် တံတား၏ အခန်း ၂ ခန်း ကျိုးကျပျက်စီးခဲ့ကြောင်း ၊ အဆိုပါ မိုင်းခွဲမှုကြောင့် ဧရာဝတီတံတား(ရတနာသိင်္ခ) RP4-RP5 တံတားသံဘောင် ၁၁၂မီတာ ၊ RP6-RP7 တံတားသံဘောင် ၁၁၂ မီတာ ၂ခန်း ၊ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးဘက်အခြမ်းတွင် ကျိူးကျပျက်စီးသွားကြောင်း သိရှိရသည်။

“တံတားမိုင်းခွဲရတာက မှန်ပါတယ်။ အဲဒီလမ်းနဲ့တံတားကို လုံခြုံရေးယူထားတာက တံတားတစ်ဖက်မှာက စစ်တပ်က အထိုင်ချထားတော့ ကိစ္စမရှိဘဲ တော်ရုံ သိပ်မသွားကြဘူး။ စဉ့်ကူးဘက်ကို ရွှေဘိုကနေ စစ်ကြောင်းတွေ လာရင်တော့ တံတားက ဖြတ်လာတာကတော့ တောက်လျှောက်ပဲ။တံတား ကျိုးကျသွားတာကတော့ ဟုတ်တယ်။ လမ်းပန်းဆက်သွယ်ရေးကတော့ ခက်သွားမှာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက တော်လှန်ရေးတပ်များကို ဆက်သွယ်၍ တံတားကျိုးကျမှုနှင့်ပတ်သက်ပြီး မေးမြန်းရာ လတ်တလော တံတားကျိုးကျမှုသွားသည်ကို သိရှိသော်လည်း မည်သို့မည်ပုံ ဖြစ်ပျက်သည်ကို မသိရသေးကြောင်း ပြောဆိုကြသည်။

အဆိုပါ တံတားမှာ ဧရာဝတီမြစ်ကူးတံတားကြီး ဖြစ်ပြီး သမ္မတဟောင်း သိန်းအစိုးရလက်ထက်တွင် တည်ဆောက်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းတံ တားကို ၂ဝ၁ဝ ခုနှစ် ဧပြီ ၁၆ ရက်မှ စတင်၍ ဆောက်လုပ်ခဲ့ပြီး ၂ဝ၁၃ ခုနှစ် မေ ၁၉ ရက်နေ့ တွင် သံပေါင်ခြောက်ခန်း တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက် ပြီးစီးခဲ့ကြောင်း၊ တံတားကြီးမှာ နှစ်လမ်းသွား ကားလမ်းတံတား ဖြစ်ပြီး တံတားပေါ်တွင် အကျယ် ၂၈ ပေရှိ နှစ်လမ်းသွား ကားလမ်းနှင့် တစ်ဖက်လျှင် သုံးပေစီရှိသည့် လူသွားလမ်းများ ရှိကြောင်း ပင်မတံတားအရှည် ၂၂၁၈ ပေ၊ ရွှေဘိုဘက်ကမ်း ချဉ်းကပ်တံတားအရှည် ၆၆ ပေနှင့် စဉ့်ကူးဘက်ခြမ်း ချဉ်းကပ်တံတား အရှည် ၁၉၆ ပေရှိပြီး စုစုပေါင်းတံတားအရှည်မှာ ပေ ၂၄၈ဝ ရှိသော သံကူကွန်ကရစ် လွန်တူးပိုင်တိုင်အုတ်မြစ်နှင့် သံကူကွန်ကရစ်တိုင် ကိုယ်ထည်အမျိုးအစားဖြစ်ကြောင်း၊ တံတားအပေါ်ထည်မှာ သံမဏိ သံပေါင်နှင့် သံကူကွန်ကရစ် ကြမ်းခင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article