မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ရုံပင်ရွာကို မီးရှို့ဖျက်ဆီးပြီး ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူများ ဘေးလွတ်ရာထွက်ပြေးနေရကြောင်း Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၂၇ ရက်နေ့တွင် မတ္တရာမြို့နယ် အရှေ့ခြမ်းရှိ ရုံပင်ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိချိန်ထိ စစ်တပ် စစ်ကြောင်းက ကျေးရွာအနီးအနားတွင် ရှိနေသေးသော်လည်း နေအိမ်ပျက်စီးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
ထို့ပြင် အောက်တိုဘာလ ၂၈ ရက်နေ့တွင် မတ္တရာမြို့ပေါ်ရှိ အကြမ်းဖက် စစ်သားများနှင့် မတ္တရာမြို့နယ် အနောက်ခြမ်း မြွေပုသိမ်ရွာဘက်ရှိ စစ်သားများကို အနီးအနားရှိ ကျေးရွာများကို လက်နက်ကြီး၊ စက်လက်များဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သောကြောင့် ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
အလားတူ ယနေ့ အောက်တိုဘာလ ၂၉ ရက်နေ့တွင်လည်း မတ္တရာမြို့နယ်၊ မြောက်ခြမ်းရှိ တံငါတောင်ရွာတွင် ရောက်ရှိနေသော အကြမ်းဖက် စစ်သားများသည် အနီးအနားရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူများ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။
“မတ္တရာမြို့နယ်ထဲမှာက မြေပြင်မှ စစ်ကြောင်းထိုးနေတဲ့ စစ်ခွေးတွေလည်းရှိတယ်။ နောက်ပြီး ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ပြည်သူတွေ တိမ်းရှောင်နေရတာပေါ့။ ရုံပင်ရွာကို ဝင်ရောက်စီးနင်းတဲ့ စစ်ခွေးတွေကလည်း ပြည်သူပိုင် နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတယ်” ဟု Wetlet Informational Network မှ တာဝန်ရှိသူက ပြောဆိုသည်။
ထို့ပြင် စက်တင်ဘာလ ၁၈ ရက်နေ့ကလည်း မတ္တရာမြို့နယ်နှင့် ဝက်လက်မြို့နယ် အစပ်ကို စက်လှေ ၃ စီးဖြင့် လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက တပ်သာ(အောက်)ရွာကို ဝင်ရောက် စီးနင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သေးကြောင်း သိရသည်။
ဓာတ်ပုံ – မန္တလေးတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)




