တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုံ လမ်းပိုင်းတွင် ကင်းယူနေသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးခဲ့ကြောင်း ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထုတ်ပြန်ချက်နှင့် ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၂၅ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် ရေဖြူမြို့နယ်၊ ဝက်ချောင်းကျေးရွာနှင့် မူးဒူးရွာ အကြားရှိ ထားဝယ်အထူးစီးပွားရေးဇုံ စီမံကိန်းလမ်းပိုင်းတွင် ကင်းယူနေသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုထိတွေ့ တိုက်ပွဲသည် ၁ နာရီ နီးပါး ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၁၀ ဦးခန့် သေဆုံးကာ အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေး ပူးပေါင်းတပ်များဘက်မှ ရဲဘော် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“တိုက်ပွဲဖြစ်တာကတော့ သိရပါတယ်။ ထားဝယ်အထူးစီးပွားရေးဇုံ လမ်းပိုင်းမှာ စက်ယန္တယားတွေနဲ့ လမ်းလုပ်ငန်းလုပ်တာကို ကင်းယူပေးနေတဲ့ စစ်ခွေးတွေကို တော်လှန်ရေး တပ်ဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်တာလို့ သိရပါတယ်။ တိုက်ပွဲအတွင်းမှာ စစ်ခွေးတွေဘက်က ထိခိုက်သေဆုံးမှုရှိတယ်ဆိုတာတော့ သိရတယ်” ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
အဆိုပါ တိုက်ပွဲတိုက်ခိုက်မှုကို ရေဖြူမြို့နယ်အတွင်း အခြေစိုက် မဟာမိတ်ပူးပေါင်းတပ်နှင့် ဗထူးအာမီတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ပ ထုတ်ပြန်ထားသည်။




