စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ ကလေး-ဂန့်ဂေါလမ်းပိုင်းကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို ဆက်တိုက် မီးရှို့နေနေကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၂၇ ရက်နေ့မှ စတင်ပြီး ထိုမာရွာ GTC တွင် တပ်စွဲထားသော စစ်တပ်က သာယာကုန်းရွာနှင့် ကျွန်းချောင်းရွာသို့ စစ် ကြောင်းထိုး ဝင်ရောက် စီးနင်းကာ ကျွန်းချောင်းရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယနေ့ အောက်တိုဘာလ ၃၀ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နတ်ချောင်းရွာ ၊နတ်မြောင်းရွာနှင့် ချောင်းခွရွာတို့ကို ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များကလည်း လိုက်လံ တိုက်ခိုက်နေပြီး တိုက်ပွဲများလည်း ဆက်တိုက်ဖြစ်ပွားနေကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုများပြားနေကြောင်း သိရှိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် လက်ရှိချိန်တွင် ကလေး-ဂန့်ဂေါ လမ်းပိုင်းရှိ ထောက်ကြန့်ရွာ၊ ကြာအင်းရွာ၊ စည်သာရွာ၊ နတ်မြောင်းရွာ၊ နတ်ချောင်းရွာ၊ ကြံသာရွာ၊ အောင်သာယာရွာနှင့် မှန်တောရွာ အပါအဝင် အနီးအနားရှိ ကျေးရွာများမှ သောင်းနှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
“စစ်ခွေးစစ်ကြောင်းကိုလည်း တော်လှန်ရေး တပ်ဖွဲ့တွေက ဆက်တိုက်ကို လိုက်လံ တိုက်ခိုက်နေတာ စစ်ခွေးတွေဘက်က အထိနာလည်း စစ်မှုထမ်း တပ်သားသစ်တွေကို အင်အား အလုံးအရင်းနဲ့ ဖြည့်တင်းပြီးကို ထိုးစစ်ဆင်နေတာ အခု စစ်ခွေး စစ်ကြောင်းက ချောင်းခွရွာမှာ ညအိပ်ရပ်နားထားတယ်။ စစ်ခွေးတွေရဲ့ ရှေ့ပွိုင့်ကာကင်းအချို့ကတော့ ချောင်းခွရွာရဲ့တောင်ဖက် အောင်ချမ်းသာရွာအနီးအထိ ရောက်နေပြီ” ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် တော်လှန်ရေး တပ်ဖွဲ့များ နေ့စဉ် တိုက်ပွဲဖြစ်ပွားနေ၍ လက်ရှိချိန်တွင် ကျည်ဖိုး အရေးပေါ်လိုအပ်နေကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။
ဓာတ်ပုံ – စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ညအချိန် မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်




