27 C
Yangon

ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်သို့ စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၅၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး ကျေးရွာ ၃ ရွာကို ဆက်တိုက် မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ပြည်သူ ၅၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး ကျေးရွာ ၃ ရွာကို ဆက်တိုက် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလပိုင်းမှ စတင်ပြီး ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး လမ်းပြလုပ်ဆောင်ကာ ကျေးရွာများကို စစ်ကြောင်းထိုး မီးရှို့နေခြင်းဖြစ်ကြောင်း သိရသည်။

ထိုအကြမ်းဖက် စစ်တပ်သည် ကျေးရွာနေ ပြည်သူ ၅၀ ကျော်ကို လူသားဒိုင်းဖမ်းဆီးထားကာ လက်ရှိချိန်ထိ ပြည်သူများကို ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်ကလည်း ကျေးရွာများကို ဆက်တိုက် မီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပိနွဲပင်ရွာ၊ ရွေသောင်ရွာသစ်ရွာနှင့် ကဲလင်းဆိပ်ရွာ တို့ကို ဆက်တိုက် မီးရှို့ဖျက်ဆီးထားကြောင်း၊ ထိုမီးရှို့ဖျက်ဆီးခံရသော ကျေးရွာများမှ ပြည်သူများ အပါအဝင် အနီးအနားရှိ ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“စစ်ခွေးတွေ မီးရှို့တာ ကျေးရွာ ၃ ရွာကို မီးရှို့ဖျက်ဆီးထားတယ်။ ၁၀ ရွာလောက်က ပြည်သူတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်။ ရေတာရှည် စစ်တောင်းမြစ်အရှေ့ဘက်ကို စစ်ခွေးတွေက အင်အားအလုံးအရင်းနဲ့ ဖိပြီးတော့ကို စစ်ကြောင်းထိုးနေတာ ရွာသားတွေကိုလည်း ဖမ်းဆီးပြီး လူသားဒိုင်းလုပ်ထားတယ်။ ရွာသားတွေကိုလမ်းပြလုပ်ခိုင်းပြီး စစ်ကြောင်းထိုးနေတာ ဖမ်းဆီးခံရတဲ့ ပြည်သူက ၅၀ ကျော်လောက်ရှိတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် အောက်တိုဘာလ ၂၃ ရက်နေ့နှင့် ၂၂ ရက်နေ့တို့တွင်လည်း အကြမ်းဖက် စစ်တပ်က ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ရှိ ကျေးရွာများကို စက်တပ်လေထီးဖြင့် ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် စာသင်ကျောင်း၊ ဘုန်းကြီး ကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်က ပြည်သူလူထုများနေထိုင်သော ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့စဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article